ဝတ်​ပြု 16:12-18 BJB

12 ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်မီးခဲနှင့် ပြည့်သောလင်ပန်းကိုကိုင်လျက်၊ ညက်စွာသော နံ့သာပေါင်းမွှေးအမှုန့်ကို မိမိလက်၌အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။

13 ထိုအခါသူသည်သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံချက်အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှါ၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာတင်ရမည်။

14 နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည်။

15 ထိုနောက် လူများနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်းသို့ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်းဖြန်းရမည်။

16 ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ကြောင့်၎င်း၊ သန့်ရှင်းရာဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာတဲတော်အဘို့ ပြုရမည်။

17 သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ ဝင်သောအခါ၊ မိမိအဘို့၊ မိမိအိမ်သူအိမ်သားများအဘို့၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲမှာ အဘယ်သူမျှမနေရ။

18 နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ထည့်ရမည်။