ဝတ်​ပြု 6 BJB

1 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

2 တစုံတယောက်သောသူသည် သူတပါးအပ်နှံသောဥစ္စာအတွက် ပေါင်ထားသောဥစ္စာအတွက်၊ မိမိနှင့်စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူ့ဥစ္စာကိုအနိုင်အထက်ယူသော်၎င်း၊ မိမိနှင့်စပ်ဆိုင်သောသူကို လှည့်စားသော်၎င်း၊

3 ပျောက်သောဥစ္စာကိုတွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကိုပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊

4 ထိုသူသည် ပြစ်မှား၍အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသောဥစ္စာ၊ လှည့်စား၍ရသောဥစ္စာ၊ သူတပါးအပ်နှံသောဥစ္စာ၊ ပျောက်၍တွေ့သောဥစ္စာ၊

5 မဟုတ်မမှန်ဘဲကျိန်ဆို၍၊ ရသောဥစ္စာအဘိုးနှင့်တကွ၊ ငါးစုတစုကိုထပ်၍ ဒုစရိုက်ဖြေသောယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အားပြန်ပေးရမည်။

6 ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့ရမည်။

7 ယဇ်ပုရောဟိတ်သည်ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှားသမျှသောအပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။

8 တဖန်မောရှေအား ထာဝရဘုရားက၊

9 သင်သည်အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင်ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည်အစဉ်လောင်ရမည်။

10 ယဇ်ပုရောဟိတ်သည်ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကိုဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာကျွမ်းလောင်သော မီးရှို့ရာယဇ်ပြာကိုကျုံး၍ ပလ္လင်အနားမှာ ထားရမည်။

11 တဖန်အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။

12 ယဇ်ပလ္လင်မီးသည် မသေဘဲအစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်းထင်းမီးထည့်၍၊ ထင်းပေါ်မှာမီးရှို့ရာယဇ်ကိုခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကိုမီးရှို့ရမည်။

13 ယဇ်ပလ္လင်မီးသည်အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။

14 ဘောဇဉ်ပူဇော်သက္ကာတရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကိုထာဝရဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာပူဇော်သောအခါ၊

15 ဘောဇဉ်ပူဇော်သက္ကာမုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာအတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။

16 ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲစားရမည်။

17 ထိုမုန့်ညက်ကိုတဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အားပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက်ကို သူတို့အဘို့ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်းပေ၏။

18 အာရုန်၏သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာကိုကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။

19 တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊

20 အာရုန်နှင့် သူ၏သားတို့သည်ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်းငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအားပူဇော်ရမည်။

21 ထိုမုန့်ညက်ကိုဆီထည့်၍၊ သံပြားပူနှင့်မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာအကျိုးအပဲ့တို့ကို ထာဝရဘုရားအားမွှေးကြိုင်စရာဘို့ ပူဇော်ရမည်။

22 အာရုန်အရာ၌ ဘိသိက်ခံသောသားသည်လည်း၊ ထိုပူဇော်သက္ကာကိုပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော်ဖြစ်သတည်း။

23 ယဇ်ပုရောဟိတ်အတွက်ပြုသော ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏။

24 တဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊

25 သင်သည် အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကိုသတ်ရမည်။ အလွန်သန့်ရှင်းပေ၏။

26 အပြစ်ဖြေဘို့ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌စားရမည်။

27 ထိုအသားကိုထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌လျှော်ရမည်။

28 ထိုအသားပြုတ်သော မြေအိုးကိုခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ရေနှင့်ဆေးရမည်။

29 ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည် စားရကြမည်။

30 အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ်အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကိုမစားရ။ မီးရှို့ရမည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27