ဝတ်​ပြု 18 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊

2 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။

3 သင်တို့နေဘူးသော အဲဂုတ္တုပြည်၏အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏အကျင့်ကို၎င်း၊ သင်တို့သည်မကျင့်၊ သူတို့ တရားလမ်းသို့မလိုက်ရကြ။

4 ငါစီရင်ချက်ရှိသည်အတိုင်းကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

5 ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။

6 သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကိုချဉ်း၍ သံဝါသမပြုရ။ ငါသည်ထာဝရဘုရားဖြစ်၏။

7 သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။

8 ကိုယ်အဘ၏မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။

9 တအိမ်တည်း၌မွေးဘွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။

10 ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကိုမချဉ်းရ။

11 အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကိုမချဉ်းရ။

12 သင့်အဘ၏ပေါက်ဘော်ရင်းဖြစ်သော အဘ၏နှမကို၎င်း၊

13 သင့်အမိ၏ပေါက်ဘော်ရင်းဖြစ်သော အမိ၏ညီအစ်မကို၎င်း၊

14 အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကို မယားကို၎င်း၊

15 သား၏မယားတည်းဟူသော ချွေးမကို၎င်း၊

16 ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏မယားကို၎င်း၊ မချဉ်းရ။

17 ကိုယ်မယား၏ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။

18 ကိုယ်မယားကိုနှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကို မသိမ်းရ။

19 ဥတုရောက်၍ မစင်ကြယ်သောမိန်းမကိုလည်း မချဉ်းရ။

20 ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။

21 သင်၏သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့်ပူဇော်ရ။ သင်၏ ဘုရားသခင်နာမတော်ကို မရှုတ်မချရ။ ငါသည်ထာဝရဘုရားဖြစ်၏။

22 မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။

23 ကိုယ့်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဘော်ခြင်းကိုမခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။

24 ထိုသို့သောအမှုအားဖြင့် ကိုယ်ကိုကိုယ်မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့သည်၊ ထိုသို့သောအမှုကိုပြု၍ ညစ်ညူးကြ၏။

25 သူတို့ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသောအပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်။

26 သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကိုအော့အန်သကဲ့သို့ တဖန်ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကိုမအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊

27 သင်တို့တွင်တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို မပြုရ။

28 သင်တို့ရှေ့၌ရှိသောပြည်သားတို့သည် ထိုသို့သောရွံ့ရှာဘွယ်အမှုတို့ကို ပြုသောအားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။

29 ထိုသို့သောရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူမည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းခံရမည်။

30 သို့ဖြစ်၍ သင်တို့ရှေ့၌ပြုဘူးသော ထိုရွံ့ရှာဘွယ်ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ်မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27