ဝတ်​ပြု 9 BJB

1 အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့် သူ၏သားများ၊ ဣသရေလအမျိုးအသက်ကြီးသူများတို့ကိုခေါ်၍၊

2 အာရုန်အား၊ သင်သည်အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါသောသိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။

3 ဣသရေလအမျိုးသားတို့အားလည်း သင်တို့သည်အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါအခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ 

4 ထာဝရဘုရားရှေ့တော်၌ ပူဇော်သောမိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသောဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အားထင်ရှားတော်မူမည်ကိုပြောလော့ဟု ဆိုလေ၏။

5 မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ်အပေါင်းတို့သည်ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။

6 မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ဘုန်းတော်သည် သင်တို့အားထင်ရှားမည်ဟူ၍၎င်း၊

7 အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့် လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍ ၎င်းဆိုလေ၏။

8 အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကိုသတ်လေ၏။

9 သူ၏သားတို့လည်း အသွေးကိုယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။

10 အပြစ်ဖြေရာယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။

11 အသားနှင့် အရေကို တပ်ပြင်မှာမီးရှို့လေ၏။

12 မီးရှို့ရာယဇ်ကောင်ကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖြန်းလေ၏။

13 သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။

14 ဝမ်းထဲ၌ရှိသောအရာများနှင့် ခြေတို့ကိုဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။

15 လူများပူဇော်သက္ကာကိုလည်းဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူသတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက်ပူဇော်လေ၏။

16 မီးရှို့ရာယဇ်ကောင်ကိုလည်းဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏။

17 ဘောဇဉ်ပူဇော်သက္ကာကိုလည်းဆောင်ခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။

18 လူများအတွက် မိဿဟာယယဇ်နွားထီး၊ သိုးထီးကိုလည်းသတ်၍၊ သူ၏ သားတို့သည် အသွေးကိုဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖြန်းလေ၏။

19 အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊

20 ရင်ပတ်ပေါ်မှာတင်၍ ယဇ်ပလ္လင်၌မီးရှို့လေ၏။

21 ရင်ပတ်နှင့် လက်ျာပခုံးကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကိုပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။

22 အာရုန်သည် မိမိလက်ကိုလူများရှေ့သို့ချီလျက်၊ ကောင်းကြီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှဆင်းလေ၏။

23 တဖန်မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍ ထွက်ပြီးမှ၊ လူများကိုကောင်းကြီးပေးသဖြင့်၊ ထာဝရဘုရား၏ဘုန်းတော်သည် လူများတို့အားထင်ရှားလေ၏။

24 ထာဝရဘုရားထံတော်မှမီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့် ဆီဥကိုလောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည်မြင်သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27