19 မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကိုမစားရ။ မီးရှို့ရမည်။ စင်ကြယ်သောသူတို့သာလျှင် ထိုယဇ်သားကို စားရကြမည်။
20 ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သောအပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
21 အကြင်သူသည်လည်း၊ လူ၌မစင်ကြယ်သောအရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သောပိုးရွအစရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကိုထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
22-23 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊
24 အလိုလိုသေသောတိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍သေသော တိရစ္ဆာန်ဆီဥကို အခြားဘို့သုံးရသော်လည်း၊ အလျှင်းမစားရ။
25 အကြင်သူသည် ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
26 သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။