11 ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
12 ပညတ်တရားကိုပေးသောသူ၊ တရားစီရင်သောသူသည် တစ်ပါးတည်းရှိတော်မူပြီး ထိုအရှင်သည် ကယ်တင်နိုင်စွမ်းရှိ၍ ဖျက်ဆီးနိုင်စွမ်းလည်းရှိတော်မူ၏။ သင်မူကား မည်သူဖြစ်၍ မိမိဝန်းကျင်၌ရှိသောသူကိုစီရင်ရသနည်း။
13 “ယနေ့ သို့မဟုတ် မနက်ဖြန်တွင် ဤမြို့ သို့မဟုတ် ထိုမြို့သို့သွား၍ ထိုအရပ်၌ တစ်နှစ်ပတ်လုံးနေလျက် ကူးသန်းရောင်းဝယ်ကာ အမြတ်ရအောင်လုပ်ကြမည်”ဟု ဆိုတတ်သောသူတို့၊ ယခုနားထောင်ကြလော့။
14 သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။
15 ထို့ကြောင့် “ထာဝရဘုရားအလိုတော်ရှိလျှင် ငါတို့သည် အသက်ရှင်၍ ဤအမှု သို့မဟုတ် ထိုအမှုကိုပြုကြမည်”ဟုသာ သင်တို့ဆိုသင့်၏။
16 သို့သော် ယခု သင်တို့သည် ဟိတ်ဟန်ထုတ်လျက် ဝါကြွားနေကြ၏။ ထိုသို့သောဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှုဖြစ်၏။
17 သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။