ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2 MSB

မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ကြ​နှင့်

1 ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ရာ​၌ မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။

2 သင်​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​သို့ ရွှေ​လက်​စွပ်​နှင့်​တင့်​တယ်​သော​အ​ဝတ်​တို့​ကို ဝတ်​ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်​ပြတ်​သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည့် ဆင်း​ရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သော​အ​ခါ

3 သင်​တို့​သည် တင့်​တယ်​သော​အ​ဝတ်​ဝတ်​ဆင်​ထား​သော​သူ​ကို ဂ​ရု​စိုက်​လျက် “သင်​သည် ဤ​နေ​ရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်း​ရဲ​သော​သူ​ကို​မူ​ကား “သင်​သည် ထို​နေ​ရာ​တွင်​ရပ်​နေ​ပါ” သို့​မ​ဟုတ် “ငါ​၏​ခြေ​ရင်း​ကြမ်း​ပြင်​ပေါ်​၌ ထိုင်​ပါ”​ဟု ဆို​လျှင်

4 သင်​တို့​သည် အ​ချင်း​ချင်း​ကြား​၌ လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း​သော​တွေး​တော​ဆင်​ခြင်​မှု​တို့​ဖြင့် တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။

5 ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဤ​လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​ကို ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သော​သူ​အ​ဖြစ်​လည်း​ကောင်း၊ ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​သူ​အ​ဖြစ်​လည်း​ကောင်း ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်​လော။

6 သို့​ရာ​တွင် သင်​တို့​သည် ဆင်း​ရဲ​သော​သူ​တို့​ကို မ​ထီ​လေး​စား​ပြု​ကြ​သည်​တ​ကား။ ချမ်း​သာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိ​နှိပ်​ခြယ်​လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တ​ရား​ရုံး​သို့ ဆွဲ​ခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။

7 သင်​တို့​နှင့်​စပ်​လျဉ်း​၍ ခေါ်​ဝေါ်​သ​မုတ်​သည့် ကောင်း​မြတ်​သော​နာ​မ​ကို သူ​တို့​စော်​ကား​ပြော​ဆို​ကြ​သည်​မ​ဟုတ်​လော။

8 သင်​တို့​သည် ကျမ်း​စာ​နှင့်​အ​ညီ “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော မွန်​မြတ်​သည့်​ပ​ညတ်​တ​ရား​ကို အ​မှန်​တ​ကယ်​စောင့်​ထိန်း​လျှင် ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လေ​ပြီ။

9 သို့​သော် မျက်​နှာ​လိုက်​လျှင် သင်​တို့​သည် အ​ပြစ်​ပြု​ကြ​သည်​ဖြစ်​၍ ဖောက်​ဖျက်​ကျူး​လွန်​သူ​အ​ဖြစ် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ကို​ခံ​ရ​မည်။

10 အ​ဘယ်​ကြောင့်​ဆို​သော် ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို​စောင့်​ထိန်း​သော်​လည်း တစ်​ပါး​ကို​မှား​လျှင် ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို ကျူး​လွန်​ရာ​ရောက်​၏။

11 အ​ကြောင်း​မူ​ကား “အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​မ​ကျူး​လွန်​ရ”​ဟု ပ​ညတ်​တော်​မူ​သော​အ​ရှင်​သည် “လူ​မ​သတ်​ရ”​ဟူ​၍​လည်း ပ​ညတ်​တော်​မူ​၏။ သို့​ဖြစ်​၍ သင်​သည် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​သော်​လည်း လူ​သတ်​လျှင် ပ​ညတ်​တ​ရား​ကို ဖောက်​ဖျက်​ကျူး​လွန်​သူ​ဖြစ်​၏။

12 ထို့​ကြောင့် လွတ်​လပ်​ခြင်း​နှင့်​ဆိုင်​သော​တ​ရား​တော်​အား​ဖြင့် စီ​ရင်​ခြင်း​ခံ​ရ​မည့်​သူ​များ​ကဲ့​သို့ ပြော​ဆို​ကျင့်​ကြံ​ကြ​လော့။

13 အ​ဘယ်​ကြောင့်​ဆို​သော် က​ရု​ဏာ​မ​ရှိ​သော​သူ​သည် က​ရု​ဏာ​ကင်း​သော​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​အ​ပေါ်​အောင်​ပွဲ​ခံ​တတ်​၏။

ယုံ​ကြည်​ခြင်း​နှင့်​လက်​တွေ့​လုပ်​ဆောင်​ခြင်း

14 ငါ့​ညီ​အစ်​ကို​တို့၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ​၌​ယုံ​ကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်​လည်း လုပ်​ဆောင်​မှု​မ​ပါ​လျှင် မည်​သည့်​အ​ကျိုး​ရှိ​သ​နည်း။ ထို​ယုံ​ကြည်​ခြင်း​သည် သူ့​ကို​ကယ်​တင်​နိုင်​သ​လော။

15 ညီ​အစ်​ကို သို့​မ​ဟုတ် ညီ​အစ်​မ​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​နေ​လျက် နေ့​စဉ်​လို​အပ်​သော​အ​စား​အ​စာ​လည်း မ​ရှိ​သော​အ​ခါ

16 သင်​တို့​ထဲ​မှ တစ်​စုံ​တစ်​ယောက်​က “ငြိမ်း​ချမ်း​စွာ​သွား​ကြ​လော့။ နွေး​ထွေး​စွာ​နေ​၍ ဝ​လင်​စွာ​စား​ကြ​လော့”​ဟု သူ​တို့​အား​ဆို​လျက် သူ​တို့​၏​ကိုယ်​ခန္ဓာ​အ​တွက် လို​အပ်​သော​အ​ရာ​များ​ကို မ​ပေး​ဘဲ​နေ​လျှင် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

17 ထို​နည်း​တူ ယုံ​ကြည်​ခြင်း​သည်​လည်း လုပ်​ဆောင်​မှု​မ​ပါ​ဘဲ ၎င်း​သက်​သက်​သာ​ဆို​လျှင် အ​သေ​ဖြစ်​၏။

18 သို့​သော် “သင်​၌​ယုံ​ကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်​ဆောင်​မှု​ရှိ​သည်”​ဟု အ​ချို့​သော​သူ​က ပြော​ဆို​လိမ့်​မည်။ သို့​ဆို​လျှင် လုပ်​ဆောင်​မှု​ကင်း​သော သင်​၏​ယုံ​ကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်​ဆောင်​မှု​အား​ဖြင့် ငါ​၏​ယုံ​ကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။

19 ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံ​ကြည်​၏။ ကောင်း​ပေ​၏။ နတ်​ဆိုး​တို့​ပင် ယုံ​ကြည်​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။

20 အို လူ​မိုက်၊ လုပ်​ဆောင်​မှု​ကင်း​သော​ယုံ​ကြည်​ခြင်း​သည် အ​ကျိုး​မ​ရှိ​ကြောင်း သင်​သိ​လို​သ​လော။

21 ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​သည် မိ​မိ​သား​ဣ​ဇက်​ကို ယဇ်​ပလ္လင်​ပေါ်​၌ ပူ​ဇော်​သော​အ​ခါ လုပ်​ဆောင်​မှု​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​မ​ဟုတ်​လော။

22 ယုံ​ကြည်​ခြင်း​သည် သူ​၏​လုပ်​ဆောင်​မှု​နှင့်​အ​တူ​အ​မှု​ပြု​၍ ထို​လုပ်​ဆောင်​မှု​အား​ဖြင့် ယုံ​ကြည်​ခြင်း​သည် စုံ​လင်​ခြင်း​သို့​ရောက်​သည်​ကို သင်​သိ​မြင်​ရ​၏။

23 ထို​အ​ခါ “အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏”​ဟူ​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​၏။ အာ​ဗြ​ဟံ​သည်​လည်း ဘု​ရား​သ​ခင်​၏​မိတ်​ဆွေ​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​၏။

24 လူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်​ဆောင်​မှု​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​၏။

25 ထို​နည်း​တူ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​လည်း စေ​တ​မန်​တို့​ကို​လက်​ခံ​၍ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သော​အ​ခါ ထို​လုပ်​ဆောင်​မှု​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​မ​ဟုတ်​လော။

26 အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ လုပ်​ဆောင်​မှု​ကင်း​သော​ယုံ​ကြည်​ခြင်း​သည်​လည်း အ​သေ​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5