ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 1 MSB

နှုတ်​ခွန်း​ဆက်​ခြင်း

1 ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျွန် ငါ​ယာ​ကုပ်​သည် အ​ရပ်​ရပ်​တို့​၌​ကွဲ​လွင့်​ပျံ့​နှံ့​နေ​သော မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​၏။

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​နှင့်​ရင့်​ကျက်​ခြင်း

2 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​မျိုး​မျိုး​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကြုံ​တွေ့​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​သက်​သက်​ဖြစ်​သည်​ဟု မှတ်​ယူ​ကြ​လော့။

3 အ​ကြောင်း​မူ​ကား သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​ခြင်း​သည် သည်း​ခံ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။

4 သင်​တို့​သည် မည်​သည့်​ချို့​တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်​ကျက်​၍​ပြည့်​စုံ​သော​သူ​ဖြစ်​ကြ​မည့်​အ​ကြောင်း ထို​သည်း​ခံ​ခြင်း​စုံ​လင်​သည့်​တိုင်​အောင် ပြု​စု​ကြ​လော့။

5 သင်​တို့​ထဲ​တွင် ဉာဏ်​ပ​ညာ​လို​အပ်​သော​သူ​ရှိ​လျှင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်​သိမ်း​သော​သူ​တို့​အား ရက်​ရော​စွာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တောင်း​လျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်​မည်။

6 သို့​သော် သံ​သ​ယ​စိတ်​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​လျှောက်​ရ​မည်။ အ​ကြောင်း​မူ​ကား သံ​သ​ယ​စိတ်​ရှိ​သော​သူ​သည် လေ​တိုက်​၍​ထ​ကြွ​လှုပ်​ရှား​တတ်​သော ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့်​တူ​၏။

7 ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တစ်​စုံ​တစ်​ခု​ကို​ရ​လိမ့်​မည်​ဟု မ​ထင်​မှတ်​စေ​နှင့်။

8 ထို​သို့​သော​သူ​သည် စိတ်​နှစ်​ခွ​ရှိ​၍ မိ​မိ​ပြု​လေ​သ​မျှ​တို့​၌ တည်​ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။

9 နိမ့်​ပါး​သည့်​အ​ခြေ​အ​နေ​၌​ရှိ​သော​ညီ​အစ်​ကို​သည် မိ​မိ​ချီး​မြှောက်​ခြင်း​ခံ​ရ​သော​အ​ခါ ဂုဏ်​ယူ​ဝမ်း​မြောက်​စေ။

10 ချမ်း​သာ​သော​သူ​သည် မိ​မိ​နှိမ့်​ချ​ခြင်း​ခံ​ရ​သော​အ​ခါ ဂုဏ်​ယူ​ဝမ်း​မြောက်​စေ။ အ​ကြောင်း​မူ​ကား ချမ်း​သာ​သော​သူ​သည် မြက်​ပွင့်​ကဲ့​သို့ ကွယ်​ပျောက်​သွား​လိမ့်​မည်။

11 နေ​သည် အ​ပူ​ရှိန်​နှင့်​တ​ကွ​ထွက်​လာ​သော​အ​ခါ မြက်​ပင်​ကို ညှိုး​နွမ်း​ခြောက်​သွေ့​စေ​တတ်​၏။ ထို​အ​ခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်​တယ်​သော​အ​ဆင်း​သည်​ပျက်​စီး​သွား​၏။ ထို​နည်း​တူ ချမ်း​သာ​သော​သူ​သည်​လည်း မိ​မိ​၏​စီး​ပွား​ရှာ​ဖွေ​မှု​အ​လယ်​၌​ပင် မှေး​မှိန်​ကွယ်​ပျောက်​သွား​လိမ့်​မည်။

12 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား စုံ​စမ်း​စစ်​ဆေး​ခြင်း​ကို​အောင်​မြင်​သော​အ​ခါ ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။

13 ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သည့်​အ​ခါ “ဘု​ရား​သ​ခင်​သည် ငါ့​ကို​ဖြား​ယောင်း​သွေး​ဆောင်​သည်”​ဟု မည်​သူ​မျှ မ​ပြော​နှင့်။ အ​ကြောင်း​မူ​ကား မ​ကောင်း​မှု​သည် ဘု​ရား​သ​ခင်​ကို မ​သွေး​ဆောင်​နိုင်​ရာ။ ကိုယ်​တော်​သည်​လည်း မည်​သူ့​ကို​မျှ ဖြား​ယောင်း​သွေး​ဆောင်​တော်​မ​မူ။

14 လူ​သည် မိ​မိ​တပ်​မက်​ခြင်း​၏​ဆွဲ​ငင်​ရာ​သို့​လိုက်​ပါ​လျက် လှည့်​ဖြား​ဆွဲ​ဆောင်​ခြင်း​ခံ​ရ​ကာ ဖြား​ယောင်း​သွေး​ဆောင်​ရာ​သို့ ရောက်​တတ်​၏။

15 ထို​အ​ခါ တပ်​မက်​ခြင်း​သည် သန္ဓေ​တည်​၍ အ​ပြစ်​ကို​ဖွား​မြင်​ပြီး အ​ပြစ်​သည် ကြီး​ပြင်း​ရင့်​မာ​သော​အ​ခါ သေ​ခြင်း​ကို​ဖြစ်​ပွား​စေ​၏။

16 ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။

17 ကောင်း​မြတ်​သော​လက်​ဆောင်​ရှိ​သ​မျှ​နှင့် စုံ​လင်​သော​ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​ထက်​အ​ရပ်​မှ​လာ​၍ အ​လင်း​တို့​၏​အ​ဖ​ထံ​တော်​မှ​ဆင်း​သက်​၏။ ထို​အ​ဖ​ထံ​တော်​၌ ပြောင်း​လဲ​ခြင်း သို့​မ​ဟုတ် ရွေ့​လျား​တတ်​သည့်​အ​ရိပ်​ဟူ​၍​မ​ရှိ။

18 ကိုယ်​တော်​သည် မိ​မိ​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​တွင် ငါ​တို့​ကို အ​သီး​ဦး​သ​ဖွယ်​ဖြစ်​စေ​ရန် အ​လို​တော်​ရှိ​သည့်​အ​တိုင်း သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် ငါ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။

နှုတ်​က​ပတ်​တော်​ကို​ကြား​နာ​ခြင်း​နှင့်​လိုက်​နာ​ကျင့်​သုံး​ခြင်း

19 ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို သိ​မှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြား​နာ​ခြင်း​အ​ရာ​၌ လျင်​မြန်​၍ စ​ကား​ပြော​ခြင်း​နှင့်​အ​မျက်​ထွက်​ခြင်း​အ​ရာ​တို့​၌ နှေး​ကွေး​ကြ​စေ။

20 အ​ကြောင်း​မူ​ကား လူ​၏​အ​မျက်​ဒေါ​သ​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ဖြစ်​ထွန်း​စေ​နိုင်​ပေ။

21 ထို့​ကြောင့် ညစ်​ညူး​ခြင်း​ရှိ​သ​မျှ​နှင့် ပြည့်​လျှံ​ကဲ​လွန်​သော​မ​ကောင်း​မှု​တို့​ကို ဖယ်​ရှား​၍ သင်​တို့​အ​ထဲ​၌ ထည့်​သွင်း​ထား​သော​နှုတ်​က​ပတ်​တော်​ကို နူး​ညံ့​သိမ်​မွေ့​သော​စိတ်​ဖြင့်​ခံ​ယူ​ကြ​လော့။ ထို​နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​၏။

22 နှုတ်​က​ပတ်​တော်​ကို လိုက်​နာ​ကျင့်​သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား​၍ ကြား​နာ​သူ​သက်​သက်​မ​ဖြစ်​ကြ​နှင့်။

23 မည်​သူ​မ​ဆို နှုတ်​က​ပတ်​တော်​ကို ကြား​နာ​သော်​လည်း လိုက်​နာ​ကျင့်​သုံး​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိ​မိ​၏​ပ​က​တိ​မျက်​နှာ​ကို မှန်​ထဲ​၌​ကြည့်​သော​သူ​နှင့်​တူ​၏။

24 အ​ကြောင်း​မူ​ကား သူ​သည် မိ​မိ​ကိုယ်​ကို​ကြည့်​ပြီး ထွက်​ခွာ​သွား​သည်​နှင့် မိ​မိ​သည် မည်​သည့်​ပုံ​သဏ္ဌာန်​ရှိ​သည်​ကို ချက်​ချင်း​မေ့​လျော့​သွား​တတ်​၏။

25 သို့​သော် လွတ်​လပ်​ခြင်း​နှင့်​ဆိုင်​သော​စုံ​လင်​သည့်​တ​ရား​တော်​ကို သေ​ချာ​စွာ​ကြည့်​ရှု​လျက် စောင့်​ထိန်း​သော​သူ​သည် ကြား​နာ​၍​မေ့​လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်​တွေ့​လိုက်​နာ​ကျင့်​သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိ​မိ​ပြု​သော​အ​မှု​၌ ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ရ​လိမ့်​မည်။

26 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​ကိုယ်​ကို ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​သူ​ဖြစ်​သည်​ဟု ထင်​မှတ်​သော်​လည်း မိ​မိ​လျှာ​ကို​မ​ချုပ်​တည်း​ဘဲ မိ​မိ​စိတ်​နှ​လုံး​ကို​လှည့်​ဖြား​လျှင် ထို​သူ​၏​ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု​သည် အ​ချည်း​နှီး​ဖြစ်​၏။

27 ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ စင်​ကြယ်​၍​ညစ်​ညူး​ခြင်း​ကင်း​သော ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု​ဟူ​သည်​မှာ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သော မိ​ဘ​မဲ့​က​လေး​နှင့်​မု​ဆိုး​မ​တို့​ကို ကြည့်​ရှု​ခြင်း၊ လော​ကီ​အ​ညစ်​အ​ကြေး​တို့​နှင့်​ကင်း​စင်​စေ​ရန် မိ​မိ​ကိုယ်​ကို​စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5