ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 13 MSB

နောက်​ဆုံး​တိုက်​တွန်း​နှိုး​ဆော်​ချက်​များ

1 ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ဆက်​၍​တည်​ကြ​လော့။

2 ဧည့်​ဝတ်​ပြု​ခြင်း​ကို မ​မေ့​လျော့​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ချို့​တို့​သည် ထို​ဝတ်​ကို​ပြု​ခြင်း​အား​ဖြင့် ကောင်း​ကင်​တ​မန်​များ​ကို အ​မှတ်​မ​ထင်​ဧည့်​ခံ​ခဲ့​ကြ​၏။

3 အ​ကျဉ်း​သား​များ​ကို သူ​တို့​နှင့်​အ​တူ​အ​ချုပ်​အ​နှောင်​ခံ​နေ​ရ​သ​ကဲ့​သို့ သ​တိ​ရ​ကြ​လော့။ မ​တ​ရား​ပြု​မူ​ဆက်​ဆံ​ခြင်း​ခံ​ရ​သော​သူ​တို့​ကို သင်​တို့​လည်း မိ​မိ​ကိုယ်​ခန္ဓာ​၌ ထို​နည်း​တူ​ခံ​ရ​သ​ကဲ့​သို့ သ​တိ​ရ​ကြ​လော့။

4 မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို လူ​တိုင်း​လေး​စား​မြတ်​နိုး​ရ​မည်။ ထိမ်း​မြား​ခြင်း​အိပ်​ရာ​ကို​လည်း ညစ်​ညူး​ခြင်း​မ​ရှိ​စေ​ရ။ အ​ကြောင်း​မူ​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​နှင့် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သူ​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​လိမ့်​မည်။

5 အ​သက်​ရှင်​နေ​ထိုင်​မှု​တွင် ငွေ​ကို​တပ်​မက်​ခြင်း​မ​ရှိ​ဘဲ မိ​မိ​၌​ရှိ​သော​အ​ရာ​နှင့် ရောင့်​ရဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား “ငါ​သည် မည်​သည့်​အ​ခါ​မျှ သင့်​ကို​စွန့်​ခွာ​မည်​မ​ဟုတ်။ မည်​သည့်​အ​ခါ​မျှ သင့်​ကို​ပစ်​ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်​တော်​မိန့်​တော်​မူ​၏။

6 ထို့​ကြောင့် “ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကူ​ညီ​မ​စ​တော်​မူ​သော​အ​ရှင်​ဖြစ်​၍ ငါ​သည် ကြောက်​ရွံ့​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို မည်​သို့​ပြု​နိုင်​မည်​နည်း”​ဟု ငါ​တို့​သည် ယုံ​ကြည်​စိတ်​ချ​စွာ​ပြော​ဆို​ရ​ကြ​၏။

7 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို သင်​တို့​အား​ဟော​ပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်း​ဆောင်​များ​ကို သ​တိ​ရ​ကြ​လော့။ သူ​တို့​၏​အ​သက်​ရှင်​နေ​ထိုင်​မှု​မှ​ထွက်​ပေါ်​လာ​သည့် အ​ကျိုး​တ​ရား​ကို​ကြည့်​ရှု​ဆင်​ခြင်​လျက် သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို အ​တု​ယူ​ကြ​လော့။

8 ယေ​ရှု​ခ​ရစ်​တော်​သည် မ​နေ့၊ ယ​နေ့​နှင့် နောင်​ကာ​လ​အ​စဉ်​အ​ဆက် ပြောင်း​လဲ​ခြင်း​မ​ရှိ။

9 ထူး​ခြား​သော​သွန်​သင်​ချက်​အ​မျိုး​မျိုး​နောက်​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား စား​စ​ရာ​အား​ဖြင့်​မ​ဟုတ်​ဘဲ ကျေး​ဇူး​တော်​အား​ဖြင့် စိတ်​နှ​လုံး​ကို​တည်​မြဲ​စေ​ခြင်း​သည် ကောင်း​မြတ်​ပေ​၏။ စား​စ​ရာ​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သော​သူ​တို့​သည် အ​ကျိုး​ကို​မ​ရ​ရှိ​ကြ​ပေ။

10 ငါ​တို့​တွင် ယဇ်​ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်​ပလ္လင်​ပေါ်​မှ​ပူ​ဇော်​သက္ကာ​ကို စား​ခွင့်​မ​ရှိ။

11 အ​ကြောင်း​မူ​ကား ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ယဇ်​ကောင်​တို့​၏​သွေး​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ယူ​ဆောင်​သွား​သော်​လည်း ယဇ်​ကောင်​တို့​၏​ကိုယ်​မူ​ကား စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​၏။

12 ထို့​ကြောင့် ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​ကို​သန့်​ရှင်း​စေ​ရန် မြို့​တံ​ခါး​အ​ပြင်​၌ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။

13 သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​တော်​ခံ​ခဲ့​သော​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို​ဆောင်​ယူ​ပြီး စ​ခန်း​အ​ပြင်​သို့​ထွက်​၍ ကိုယ်​တော်​ထံ​သို့ သွား​ကြ​ကုန်​စို့။

14 အ​ကြောင်း​မူ​ကား ဤ​လော​က​၌ ငါ​တို့​အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ။ နောက်​လာ​မည့်​မြို့​တော်​ကို​သာ ငါ​တို့​ကြိုး​စား​ရှာ​ဖွေ​နေ​ကြ​၏။

15 ထို့​ကြောင့် ငါ​တို့​သည် နာ​မ​တော်​ကို​ဝန်​ခံ​သော​နှုတ်​၏​အ​သီး​အ​ပွင့်​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို ကိုယ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​အား အ​စဉ်​မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​စို့။

16 ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​နှင့် ဝေ​မျှ​ခြင်း​တို့​ကို​လည်း မ​မေ့​လျော့​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ထို​သို့​သော​ယဇ်​များ​ကို ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​၏။

17 သင်​တို့​၏​ခေါင်း​ဆောင်​များ​သည် ဖြေ​ရှင်း​ချက်​ပေး​ရ​မည့်​သူ​အ​ဖြစ် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​အ​တွက် နိုး​နိုး​ကြား​ကြား​ရှိ​နေ​ကြ​သည်​ဖြစ်​၍ သူ​တို့​သည် ညည်း​တွား​ခြင်း​မ​ရှိ​ဘဲ ဝမ်း​မြောက်​စွာ​ဖြင့် ထို​အ​မှု​ကို​ဆောင်​ရွက်​နိုင်​ရန် သူ​တို့​စ​ကား​ကို​နား​ထောင်​လျက် ကျိုး​နွံ​နာ​ခံ​ကြ​လော့။ သို့​မ​ဟုတ်​လျှင် သင်​တို့​အ​တွက် အ​ကျိုး​ရှိ​လိမ့်​မည်​မ​ဟုတ်။

18 ငါ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​၌ ကြည်​လင်​သော​အ​သိ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံ​ကြည်​စိတ်​ချ​လျက် အ​ရာ​ရာ​၌ လျောက်​ပတ်​စွာ​အ​သက်​ရှင်​နေ​ထိုင်​ရန်​အ​လို​ရှိ​ကြ​၏။

19 ငါ​သည် သင်​တို့​ထံ​သို့ လျင်​မြန်​စွာ ပြန်​ရောက်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​ပေး​ရန် အ​ထူး​မေတ္တာ​ရပ်​ခံ​ပါ​၏။

ကောင်း​ချီး​ပေး​ခြင်း​နှင့်​နှုတ်​ဆက်​ခြင်း

20 ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော​သွေး​တော်​အား​ဖြင့် သိုး​တို့​၏​သိုး​ထိန်း​ကြီး​ဖြစ်​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​သော​သူ​တို့​ထဲ​မှ ခေါ်​ထုတ်​တော်​မူ​သည့် ငြိမ်​သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​သည်

21 ရှေ့​တော်​၌​နှစ်​သက်​ဖွယ်​သော​အ​မှု​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​တွင်​ပြု​တော်​မူ​၍ ကိုယ်​တော်​၏​အ​လို​တော်​ကို သင်​တို့​ဆောင်​ရွက်​နိုင်​ရန် ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်​စုံ​စေ​တော်​မူ​ပါ​စေ​သော။ ထို​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

22 ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ အ​ကျဉ်း​ချုံး​ရေး​သား​လိုက်​ခြင်း​သာ​ဖြစ်​၍ ဤ​တိုက်​တွန်း​အား​ပေး​စ​ကား​ကို​လက်​ခံ​ကြ​ရန် သင်​တို့​အား ငါ​တောင်း​ပန်​၏။

23 ငါ​တို့​ညီ​တိ​မော​သေ​သည် လွတ်​လာ​ပြီ​ဖြစ်​ကြောင်း သင်​တို့​အား​သိ​စေ​လို​ပါ​၏။ သူ​သည် အ​မြန်​ရောက်​လာ​လျှင် ငါ​သည် သူ​နှင့်​အ​တူ သင်​တို့​ကို​လာ​တွေ့​မည်။

24 သင်​တို့​၏​ခေါင်း​ဆောင်​အား​လုံး​နှင့် သန့်​ရှင်း​သူ​အား​လုံး​ကို နှုတ်​ဆက်​ပါ​၏။ အီ​တ​လီ​ပြည်​မှ​လာ​သော​သူ​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။

25 ကျေး​ဇူး​တော်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13