1 ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်ထားသောအရာများအပေါ်စိတ်ချမှုရှိခြင်း၊ မမြင်ရသောအရာတို့အမှန်တကယ်ရှိသည်ဟုမှတ်ယူခြင်းဖြစ်၏။
2 ရှေးလူကြီးတို့သည် ဤယုံကြည်ခြင်းကြောင့် ချီးကျူးခံရကြ၏။
3 ဤလောကဓာတ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ယခုမြင်ရသောအရာသည် ထင်ရှားလျက်ရှိသောအရာများမှဖြစ်လာသည်မဟုတ်ကြောင်း ယုံကြည်ခြင်းအားဖြင့် ငါတို့သိရကြ၏။
4 ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။
5 ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သေခြင်းနှင့်မကြုံတွေ့ရဘဲ ဘဝပြောင်းခွင့်ရ၏။ ဘုရားသခင်သည် သူ့အားဘဝပြောင်းစေတော်မူသောကြောင့် သူ့ကိုမတွေ့ရကြတော့ချေ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်ကြောင်း အသိအမှတ်ပြုခြင်းကိုခံရ၏။
6 ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။
7 နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
8 အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။
9 သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။
10 အကြောင်းမူကား သူသည် ဘုရားသခင်ရေးဆွဲစီမံ၍ တည်ဆောက်တော်မူသော ခိုင်ခံ့သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်နေ၏။
11 ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။
12 ဤသို့ဖြင့် ကောင်းကင်ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေမှ မရေတွက်နိုင်သောသဲပွင့်များကဲ့သို့လည်းကောင်း များစွာသောသူတို့သည် သေသူကဲ့သို့ဖြစ်နေသောလူတစ်ဦးထံမှ ပေါက်ဖွားလာကြ၏။
13 ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။
14 ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့နေရင်းပြည်ကို ကြိုးစားရှာဖွေနေကြောင်း ထင်ရှားစေကြ၏။
15 သူတို့သည် မိမိတို့ထွက်ခွာလာခဲ့သောပြည်ကို သတိရကြသည်မှန်လျှင် ပြန်ရသောအခွင့်အခါရှိခဲ့ပေလိမ့်မည်။
16 သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။
17 အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။
18 ထိုသားနှင့်ပတ်သက်၍ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မြွက်ဆိုထား၏။
19 ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
20 ယုံကြည်ခြင်းအားဖြင့် ဣဇက်သည် နောင်ဖြစ်မည့်အရာများနှင့်ပတ်သက်၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။
21 ယာကုပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သားတစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကိုမှီလျက်ရှိခိုးလေ၏။
22 ယောသပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် အစ္စရေးအမျိုးသားတို့၏ထွက်မြောက်ခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့်ပတ်သက်၍ မှာကြားခဲ့၏။
23 မောရှေဖွားမြင်သောအခါ အဆင်းလှသောသူငယ်ဖြစ်ကြောင်း သူ၏မိဘတို့မြင်သဖြင့် ရှင်ဘုရင်၏အမိန့်တော်ကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကိုသုံးလပတ်လုံးဝှက်ထားကြ၏။
24 မောရှေသည် အရွယ်ရောက်သောအခါ ဖာရောဘုရင်သမီးတော်၏သားဟုခေါ်ဝေါ်ခြင်းခံရသည်ကိုငြင်းပယ်၍
25 အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။
26 သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။
27 သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွါခဲ့၏။
28 သားဦးတို့ကိုဖျက်ဆီးသောသူသည် အစ္စရေးလူမျိုးတို့ကိုမထိခိုက်စေရန် သူသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲတော်နှင့်သွေးဖျန်းခြင်းတို့ကို စီမံဆောင်ရွက်လေ၏။
29 အစ္စရေးအမျိုးသားတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေကဲ့သို့ဖြတ်သွားကြ၏။ ထိုနည်းတူပြုရန် ကြံစည်အားထုတ်သောအီဂျစ်အမျိုးသားတို့သည် နစ်မြုပ်ကြကုန်၏။
30 ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။
31 ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းအားဖြင့် သူလျှိုတို့ကို ငြိမ်းချမ်းစွာလက်ခံသောကြောင့် မယုံကြည်သောသူတို့နှင့်အတူမပျက်စီးခဲ့ရပေ။
32 ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။
33 ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
34 မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။
35 မိန်းမတို့သည်လည်း သေသောသူတို့ထဲမှရှင်ပြန်ထမြောက်စေခြင်းခံရသည့် မိမိတို့နှင့်ဆိုင်သောသူတို့ကို ပြန်လည်ရရှိကြ၏။ လူအချို့တို့သည်လည်း သာ၍မြတ်သောရှင်ပြန်ထမြောက်ခြင်းကိုရရှိရန် လွတ်မြောက်ခြင်းကိုမခံယူဘဲ ပြင်းထန်သောနှိပ်စက်ခြင်းကိုခံယူကြ၏။
36 အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ရကြ၏။
37 သူတို့သည် ခဲနှင့်ပေါက်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားနှင့်ခုတ်သတ်ခြင်းတို့ကိုခံကြရ၍ ဆင်းရဲနွမ်းပါးလျက် နှိပ်စက်ခြင်း၊ မတရားပြုမူဆက်ဆံခြင်းတို့ကိုခံရလျက် သိုးသားရေ၊ ဆိတ်သားရေတို့ကိုဝတ်လျက် လှည့်လှည်ကြရ၏။
38 ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။
39 ဤသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးကျူးခံရကြသော်လည်း ကတိပေးတော်မူသောအရာကို မရရှိခဲ့ကြချေ။
40 ဘုရားသခင်သည် ငါတို့အတွက် သာ၍မြတ်သောအရာကို ကြိုတင်ပြင်ဆင်ပေးတော်မူသည်ဖြစ်၍ သူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်နိုင်ရာ။