ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 5 MSB

ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော​ခ​ရစ်​တော်

1 လူ​တို့​အ​ထဲ​မှ ရွေး​ကောက်​ခြင်း​ခံ​ရ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​မှန်​သ​မျှ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​နှင့်​ပူ​ဇော်​သက္ကာ​များ​ကို လူ​တို့​၏​ကိုယ်​စား ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ဆက်​ကပ်​ရန် ခန့်​ထား​ခြင်း​ခံ​ရ​၏။

2 သူ​ကိုယ်​တိုင်​လည်း အား​နည်း​ခြင်း​များ​ရှိ​သည်​ဖြစ်​၍ အ​သိ​တ​ရား​ကင်း​မဲ့​လျက် လမ်း​လွဲ​သော​သူ​တို့​ကို စာ​နာ​ထောက်​ထား​နိုင်​၏။

3 ဤ​အ​ကြောင်း​ကြောင့် သူ​သည် လူ​တို့​အ​တွက်​သာ​မ​က မိ​မိ​အ​တွက်​ပါ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်​ရ​၏။

4 ထို့​ပြင် ဤ​ဂုဏ်​သ​ရေ​ရှိ​သော​အ​ရိုက်​အ​ရာ​ကို မည်​သူ​မျှ မိ​မိ​ကိုယ်​တိုင်​ခံ​ယူ​ရ​ရှိ​နိုင်​သည်​မ​ဟုတ်။ အာ​ရုန်​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​ခေါ်​ယူ​တော်​မူ​ခြင်း​အား​ဖြင့်​သာ​ခံ​ယူ​ရ​ရှိ​နိုင်​၏။

5 ထို​နည်း​တူ ခ​ရစ်​တော်​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ​၌ မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သည်​မ​ဟုတ်။ “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖွား​မြင်​စေ​ပြီ”​ဟု ကိုယ်​တော်​အား​မိန့်​တော်​မူ​သော​အ​ရှင်​က ချီး​မြှောက်​တော်​မူ​ခြင်း​ဖြစ်​၏။

6 အ​ခြား​ကျမ်း​ချက်​တွင်​လည်း “သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။

7 ခ​ရစ်​တော်​သည် လူ​သား​အ​ဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်​တင်​နိုင်​သော​အ​ရှင်​ထံ ကျယ်​လောင်​သော​အော်​ဟစ်​သံ​နှင့်​မျက်​ရည်​တို့​ဖြင့် တောင်း​လျှောက်​၍ အ​သ​နား​ခံ​သ​ဖြင့် ထို​ကြည်​ညို​မှု​ကြောင့် ဘု​ရား​သ​ခင်​သည် နား​ညောင်း​တော်​မူ​၏။

8 ကိုယ်​တော်​သည် သား​တော်​ဖြစ်​သော်​လည်း ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ခြင်း​အား​ဖြင့် နာ​ခံ​မှု​ကို​သင်​ယူ​လျက်

9 စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​လျှင် မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း​ကို​ပေး​သော​အ​ရှင်​ဖြစ်​လာ​၍

10 မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု ဘု​ရား​သ​ခင်​၏​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။

မ​ရင့်​ကျက်​မှု​ကို​ဆို​ဆုံး​မ​ခြင်း

11 ထို​မေ​လ​ခိ​ဇေ​ဒက်​နှင့်​ပတ်​သက်​၍ ငါ​တို့​တွင် ပြော​စ​ရာ​စ​ကား​များ​စွာ​ရှိ​သော်​လည်း သင်​တို့​သည် နား​ဝေး​ကြ​သော​ကြောင့် ရှင်း​ပြ​ရန်​ခက်​၏။

12 အ​မှန်​စင်​စစ် သင်​တို့​သည် အ​ချိန်​ကာ​လ​အ​ရ ဆ​ရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်​လည်း ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​၏​အ​ခြေ​ခံ​ကို တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား အ​စ​မှ​ပြန်​သင်​ပေး​ရန်​လို​အပ်​နေ​၏။ သင်​တို့​၌​လို​အပ်​သည်​မှာ မာ​သော​အ​စာ​မ​ဟုတ်​ဘဲ နို့​ရည်​သာ​ဖြစ်​၏။

13 နို့​ရည်​ကို​သောက်​သုံး​နေ​သော​သူ​တိုင်း​သည် က​လေး​သူ​ငယ်​ဖြစ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သော​နှုတ်​က​ပတ်​တော်​နှင့် ရင်း​နှီး​ကျွမ်း​ဝင်​ခြင်း​မ​ရှိ။

14 မာ​သော​အ​စာ​မူ​ကား အ​ကောင်း​အ​ဆိုး​ကို​ပိုင်း​ခြား​၍​သိ​ရှိ​နိုင်​သော​ထိုး​ထွင်း​ဉာဏ်​ကို အ​တွေ့​အ​ကြုံ​အား​ဖြင့်​လေ့​ကျင့်​ထား​သည့်​စုံ​လင်​ရင့်​ကျက်​သော​သူ​များ​အ​တွက်​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13