ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 12 MSB

ဇွဲ​လုံ့​လ​မ​လျှော့​ရန် တိုက်​တွန်း​နှိုး​ဆော်​ခြင်း

1 ထို့​ကြောင့် ဤ​မျှ​လောက်​များ​ပြား​သော​သက်​သေ​တို့​သည် ငါ​တို့​ကို​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည် လေး​သော​ဝန်​နှင့် အ​လွယ်​တ​ကူ​ငြိ​တွယ်​တတ်​သည့်​သ​ဘော​ရှိ​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖယ်​ရှား​လျက် ငါ​တို့​ရှေ့​၌​ပြင်​ဆင်​ထား​သော​ပြေး​ပွဲ​ကို ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန်​စို့။

2 ယုံ​ကြည်​ခြင်း​ကို​အ​စ​ပြု​ဖြစ်​တည်​စေ​၍ စုံ​လင်​စေ​သည့်​အ​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​စို့။ ကိုယ်​တော်​သည် မိ​မိ​ရှေ့​၌​ပြင်​ဆင်​ထား​သော​ဝမ်း​မြောက်​ခြင်း​ကြောင့် ရှက်​ဖွယ်​ရာ​များ​ကို​ပင် အ​မှု​မ​ထား​ဘဲ လက်​ဝါး​ကပ်​တိုင်​၏​ဒဏ်​ကို​သည်း​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​လက်​ယာ​ဘက်​၌ ထိုင်​တော်​မူ​၏။

ဖ​ခင်​၏​ဆုံး​မ​ပဲ့​ပြင်​ခြင်း

3 ထို့​ကြောင့် သင်​တို့​သည် စိတ်​ပင်​ပန်း​နွမ်း​နယ်​၍ စိတ်​ပျက်​ခြင်း​မ​ရှိ​စေ​ရန် အ​ပြစ်​သား​တို့​၏ ထို​ကဲ့​သို့​သော​ဆန့်​ကျင်​မှု​ကို​သည်း​ခံ​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​ဆင်​ခြင်​ကြ​လော့။

4 သင်​တို့​သည် အ​ပြစ်​နှင့်​တိုက်​ခိုက်​ရာ​တွင် သွေး​မြေ​ကျ​သည့်​တိုင်​အောင် ခု​ခံ​တွန်း​လှန်​ခြင်း​ကို​မ​ပြု​ရ​ကြ​သေး။

5 ထို့​ပြင် “ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​၏​ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ခြင်း​ကို အ​လေး​မ​ထား​ဘဲ​မ​နေ​နှင့်။ ကိုယ်​တော်​၏​ဆို​ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ စိတ်​မ​ပျက်​နှင့်။

6 အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​ပဲ့​ပြင်​တတ်​၏။ လက်​ခံ​တော်​မူ​သ​မျှ​သော​သား​တို့​ကို ဒဏ်​ခတ်​ရိုက်​နှက်​တတ်​၏”​ဟု သား​ကို​မိန့်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​အား​မိန့်​တော်​မူ​သော တိုက်​တွန်း​အား​ပေး​စ​ကား​ကို သင်​တို့​မေ့​လျော့​ကြ​ပြီ။

7 ဘု​ရား​သ​ခင်​သည် သင်​တို့​ကို သား​ကဲ့​သို့ ပြု​မူ​ဆက်​ဆံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​သည် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ခြင်း​ကို သည်း​ခံ​ကြ​ရ​မည်။ အ​ကြောင်း​မူ​ကား ဖ​ခင်​မ​ဆုံး​မ မ​ပဲ့​ပြင်​သော​သား​ဟူ​၍​ရှိ​သ​လော။

8 လူ​တိုင်း​ခံ​ရ​သော​ဆုံး​မ​ပဲ့​ပြင်​ခြင်း​ကို သင်​တို့​မ​ခံ​ရ​ဘဲ​နေ​လျှင် သင်​တို့​သည် သား​အ​ရင်း​မ​ဟုတ်။ တ​ရား​မ​ဝင်​သော​သား​များ​သာ​ဖြစ်​ကြ​၏။

9 ထို့​ပြင် ငါ​တို့​တွင် ဆုံး​မ​ပဲ့​ပြင်​ပေး​သော​လူ​သား​ဖ​ခင်​ရှိ​၍ သူ​တို့​ကို ငါ​တို့​ရို​သေ​လေး​စား​ကြ​သည်​ဆို​လျှင် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​ကို ပို​၍​ပင် နာ​ခံ​ရ​မည်​မ​ဟုတ်​လော။ ထို​အ​ခါ ငါ​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။

10 အ​ကြောင်း​မူ​ကား လူ​သား​ဖ​ခင်​တို့​သည် ကောင်း​သည်​ဟု မိ​မိ​တို့​ထင်​မြင်​သည့်​အ​တိုင်း ခ​ဏ​သာ​ဆုံး​မ​ပဲ့​ပြင်​တတ်​ကြ​၏။ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​မူ​ကား သူ​၏​သန့်​ရှင်း​ခြင်း​၌ ငါ​တို့​ပါ​ဝင်​ခံ​စား​ရ​မည့်​အ​ကြောင်း ငါ​တို့​အ​ကျိုး​ကို​ထောက်​၍ ဆုံး​မ​ပဲ့​ပြင်​တော်​မူ​၏။

11 ဆုံး​မ​ပဲ့​ပြင်​ခြင်း​ဟူ​သ​မျှ​သည် ခံ​ရ​စဉ်​တွင် ဝမ်း​မြောက်​စ​ရာ​မ​ဟုတ်​ဘဲ ဝမ်း​နည်း​စ​ရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့​သော် ထို​ဆုံး​မ​ပဲ့​ပြင်​ခြင်း​အား​ဖြင့် လေ့​ကျင့်​ပေး​ခြင်း​ခံ​ရ​သော​သူ​တို့​သည် နောက်​မှ ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သည့် ငြိမ်း​ချမ်း​သော​အ​ကျိုး​ကျေး​ဇူး​ကို ပြန်​လည်​ခံ​စား​ရ​ကြ​၏။

12 ထို့​ကြောင့် အား​အင်​ကုန်​ခန်း​နေ​သော​လက်​များ​နှင့် ချည့်​နဲ့​နေ​သော​ဒူး​များ​ကို ခိုင်​ခံ့​တည့်​မတ်​စေ​ကြ​လော့။

13 ခြေ​မ​သန်​စွမ်း​သူ​တို့​သည် အ​ဆစ်​လွဲ​ခြင်း​မ​ရှိ​ဘဲ အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​စေ​ရန် သင်​တို့​၏​ခြေ​အ​တွက် ဖြောင့်​သော​လမ်း​တို့​ကို​ပြင်​ဆင်​ကြ​လော့။

ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​မ​ငြင်း​ပယ်​ရန် သ​တိ​ပေး​ခြင်း

14 လူ​အ​ပေါင်း​တို့​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရန်​နှင့် သန့်​ရှင်း​ခြင်း​ကို​ရ​ရှိ​ရန် ကြိုး​စား​ကြ​လော့။ သန့်​ရှင်း​ခြင်း​မ​ရှိ​လျှင် မည်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။

15 မည်​သူ​မျှ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​မှ ကင်း​ကွာ​မ​သွား​စေ​ရန်​လည်း​ကောင်း၊ ခါး​သီး​သော​အ​မြစ်​တစ်​စုံ​တစ်​ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်​ယှက်​သ​ဖြင့် လူ​များ​စွာ​တို့​သည် ထို​အ​ရာ​ကြောင့် ညစ်​ညူး​စေ​ခြင်း​မ​ခံ​ရ​စေ​ရန်​လည်း​ကောင်း သ​တိ​ပြု​ကြ​လော့။

16 တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ သို့​မ​ဟုတ် အ​စား​တစ်​နပ်​အ​တွက် မိ​မိ​၏​သား​ဦး​အ​ရိုက်​အ​ရာ​ကို​ရောင်း​သည့် ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို​မ​ထီ​မဲ့​မြင်​ပြု​သော​သူ တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။

17 အ​ကြောင်း​မူ​ကား သင်​တို့​သိ​ကြ​သည့်​အ​တိုင်း သူ​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​မွေ​ဆက်​ခံ​လို​သော်​လည်း ငြင်း​ပယ်​ခြင်း​ခံ​ရ​၍ ၎င်း​ကို မျက်​ရည်​ဖြင့်​ပြန်​တောင်း​သော်​လည်း နောင်​တ​ရ​သော​အ​ခွင့်​ကို မ​ရ​ရှိ​ခဲ့​ပေ။

18 သင်​တို့​သည် တို့​ထိ​စမ်း​သပ်​နိုင်​သော​တောင်​တည်း​ဟူ​သော မီး​တောက်​လောင်​ခြင်း၊ မှုန်​မှိုင်း​ခြင်း၊ မှောင်​မည်း​ခြင်း၊ မိုး​သက်​မုန်​တိုင်း၊

19 တံ​ပိုး​မှုတ်​သံ​နှင့် နှုတ်​က​ပတ်​တော်​အ​သံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်း​ကပ်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိ​မိ​တို့​အား ထပ်​မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်း​ပန်​ကြ​၏။

20 အ​ကြောင်း​မူ​ကား “တိ​ရစ္ဆာန်​ပင် ထို​တောင်​ကို​ထိ​မိ​လျှင် ခဲ​နှင့်​ပေါက်​သတ်​ရ​မည်”​ဟူ​သော​အ​မိန့်​တော်​ကို သူ​တို့​မ​ခံ​နိုင်​ခဲ့​ကြ​ချေ။

21 ထို​မြင်​ကွင်း​သည် အ​လွန်​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် မော​ရှေ​က “ငါ​သည် အ​လွန်​ကြောက်​ရွံ့​လျက် တုန်​လှုပ်​နေ​၏”​ဟု ဆို​လေ​၏။

22 သို့​သော် သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော်​တည်း​ဟူ​သော အ​ထက်​ကောင်း​ကင်​အ​ရပ်​ရှိ ဂျေ​ရု​ဆ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့​စု​ဝေး​ရာ​အ​ခမ်း​အ​နား​သို့​လည်း​ကောင်း၊

23 ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သော သား​ဦး​တို့​၏​အ​သင်း​တော်​သို့​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်​မတ်​သော​သူ​တို့​၏​ဝိ​ညာဉ်​များ​ထံ​သို့​လည်း​ကောင်း၊

24 ပ​ဋိ​ညာဉ်​သစ်​၏​ကြား​ဝင်​စေ့​စပ်​သူ ယေ​ရှု​ထံ​သို့​လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက် သာ​၍​မြတ်​သော​အ​ရာ​ကို​မြွက်​ဆို​သည့် ပက်​ဖျန်း​သော​သွေး​တော်​ထံ​သို့​လည်း​ကောင်း ချဉ်း​ကပ်​ကြ​၏။

25 သင်​တို့​သည် မိန့်​တော်​မူ​သော​အ​ရှင်​ကို မ​ငြင်း​ပယ်​မိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား မြေ​ကြီး​ပေါ်​တွင် ဗျာ​ဒိတ်​တော်​ပေး​သော​သူ​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​မှ​မ​လွတ်​ပါ​က ကောင်း​ကင်​ဘုံ​မှ​ဗျာ​ဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်း​ပယ်​လျှင် ပို​၍​ပင် လွတ်​စ​ရာ​အ​ကြောင်း​မ​ရှိ။

26 ထို​စဉ်​က ကိုယ်​တော်​၏​အ​သံ​တော်​သည် မြေ​ကြီး​ကို​တုန်​လှုပ်​စေ​၏။ ယ​ခု​မူ​ကား ကိုယ်​တော်​က “ငါ​သည် နောက်​တစ်​ဖန် မြေ​ကြီး​ကို​သာ​မ​က​ဘဲ ကောင်း​ကင်​ကို​ပါ တုန်​လှုပ်​စေ​မည်”​ဟု က​တိ​ထား​တော်​မူ​၏။

27 “နောက်​တစ်​ဖန်”​ဟူ​သော​စ​ကား​သည် မ​တုန်​လှုပ်​နိုင်​သော​အ​ရာ​တို့​ကို​တည်​မြဲ​စေ​ရန် ဖန်​ဆင်း​ခြင်း​ခံ​ရ​သည့် တုန်​လှုပ်​တတ်​သော​အ​ရာ​များ​ကို​ဖယ်​ရှား​မည့်​အ​ကြောင်း​ကို ဆို​လို​၏။

28 ထို့​ကြောင့် ငါ​တို့​သည် မ​တုန်​လှုပ်​နိုင်​သော​နိုင်​ငံ​တော်​ကို​ရ​ရှိ​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ထို​သို့ ကျေး​ဇူး​တော်​ချီး​မွမ်း​လျက် ကြည်​ညို​ခြင်း​နှင့်​ရို​သေ​ခန့်​ညား​ခြင်း​တို့​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​တိုင်း ဝတ်​ပြု​ကြ​ကုန်​စို့။

29 အ​ကြောင်း​မူ​ကား ငါ​တို့​၏​ဘု​ရား​သ​ခင်​သည် လောင်​ကျွမ်း​စေ​တတ်​သော​မီး​ဖြစ်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13