ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 4 MSB

မာန်​မာ​န​နှင့်​နှိမ့်​ချ​ခြင်း

1 သင်​တို့​တွင်​ရှိ​သော စစ်​တိုက်​ခြင်း​နှင့်​ခိုက်​ရန်​ဖြစ်​ခြင်း​တို့​သည် အ​ဘယ်​က​ဖြစ်​လာ​ကြ​သ​နည်း။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ထဲ​၌ ပြိုင်​ဆိုင်​တိုက်​ခိုက်​နေ​ကြ​သည့် သင်​တို့​၏​ကာ​မ​ဂုဏ်​ခံ​စား​လို​သော​စိတ်​မှ ဖြစ်​လာ​ကြ​သည်​မ​ဟုတ်​လော။

2 သင်​တို့​သည် တပ်​မက်​သော်​လည်း မ​ရ​သော​ကြောင့် လူ​သတ်​ကြ​၏။ အ​လွန်​အ​လို​ရှိ​သော်​လည်း မ​ရ​ရှိ​နိုင်​သော​ကြောင့် ခိုက်​ရန်​ဖြစ်​၍ စစ်​တိုက်​ကြ​၏။ သင်​တို့​မ​ရ​ကြ​သည်​မှာ သင်​တို့​မ​တောင်း​လျှောက်​ကြ​သော​ကြောင့်​ဖြစ်​၏။

3 တောင်း​လျှောက်​သော်​လည်း မ​ရ​ကြ​သည်​မှာ သင်​တို့​၏​ကာ​မ​ဂုဏ်​ခံ​စား​မှု​အ​တွက်​သုံး​စွဲ​ရန် လွဲ​မှား​စွာ တောင်း​လျှောက်​ကြ​သော​ကြောင့်​ဖြစ်​၏။

4 ဖောက်​ပြန်​သော​သူ​တို့၊ လော​က​နှင့်​မိတ်​ဖွဲ့​ခြင်း​သည် ဘု​ရား​သ​ခင်​ကို​ရန်​ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ ထို့​ကြောင့် လော​က​၏​မိတ်​ဆွေ​ဖြစ်​လို​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။

5 သို့​မ​ဟုတ် ကျမ်း​စာ​က “ကိုယ်​တော်​သည် ငါ​တို့​၌ ကိန်း​ဝပ်​စေ​တော်​မူ​သော​ဝိ​ညာဉ်​ကို သ​ဝန်​တို​သော​သ​ဘော​ဖြင့် တောင့်​တ​တော်​မူ​၏”​ဟူ​၍ အ​ကြောင်း​မဲ့​ဆို​ထား​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

6 သို့​သော် ကိုယ်​တော်​သည် ပို​၍​ကြီး​မြတ်​သော​ကျေး​ဇူး​တော်​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ “ဘု​ရား​သ​ခင်​သည် မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ဆန့်​ကျင်​၍ နှိမ့်​ချ​သော​သူ​တို့​အား ကျေး​ဇူး​တော်​ကို​ခံ​စား​စေ​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

7 ထို့​ကြောင့် ဘု​ရား​သ​ခင်​ကို​နာ​ခံ​ကြ​လော့။ မာရ်​နတ်​ကို​ဆန့်​ကျင်​တွန်း​လှန်​ကြ​လော့။ သို့​ပြု​လျှင် သူ​သည် သင်​တို့​ထံ​မှ ထွက်​ပြေး​လိမ့်​မည်။

8 ဘု​ရား​သ​ခင်​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင် ကိုယ်​တော်​သည် သင်​တို့​ထံ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​သား​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။

9 စိတ်​ညှိုး​ငယ်​ခြင်း၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​နှင့် ငို​ကြွေး​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​၏​ရယ်​မော​ခြင်း​ကို ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဖြစ်​စေ​၍ သင်​တို့​၏​ဝမ်း​မြောက်​ခြင်း​ကို ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​ဖြစ်​စေ​ကြ​လော့။

10 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင် ကိုယ်​တော်​သည် သင်​တို့​ကို​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

11 ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း​ပုတ်​ခတ်​ပြော​ဆို​ခြင်း​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ကို​ပုတ်​ခတ်​ပြော​ဆို​သော​သူ သို့​မ​ဟုတ် မိ​မိ​ညီ​အစ်​ကို​ကို​စီ​ရင်​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ပုတ်​ခတ်​ပြော​ဆို​၍ ပ​ညတ်​တ​ရား​ကို​စီ​ရင်​သူ​ဖြစ်​၏။ သင်​သည် ထို​သို့ ပ​ညတ်​တ​ရား​ကို​စီ​ရင်​လျှင် ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​သော​သူ​မ​ဟုတ်​ဘဲ တ​ရား​စီ​ရင်​သော​သူ​ဖြစ်​၏။

12 ပ​ညတ်​တ​ရား​ကို​ပေး​သော​သူ၊ တ​ရား​စီ​ရင်​သော​သူ​သည် တစ်​ပါး​တည်း​ရှိ​တော်​မူ​ပြီး ထို​အ​ရှင်​သည် ကယ်​တင်​နိုင်​စွမ်း​ရှိ​၍ ဖျက်​ဆီး​နိုင်​စွမ်း​လည်း​ရှိ​တော်​မူ​၏။ သင်​မူ​ကား မည်​သူ​ဖြစ်​၍ မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​စီ​ရင်​ရ​သ​နည်း။

ကျွန်ုပ်​တို့​၏​ဆန္ဒ​နှင့် ဘု​ရား​သ​ခင်​၏​အ​လို​တော်

13 “ယ​နေ့ သို့​မ​ဟုတ် မ​နက်​ဖြန်​တွင် ဤ​မြို့ သို့​မ​ဟုတ် ထို​မြို့​သို့​သွား​၍ ထို​အ​ရပ်​၌ တစ်​နှစ်​ပတ်​လုံး​နေ​လျက် ကူး​သန်း​ရောင်း​ဝယ်​ကာ အ​မြတ်​ရ​အောင်​လုပ်​ကြ​မည်”​ဟု ဆို​တတ်​သော​သူ​တို့၊ ယ​ခု​နား​ထောင်​ကြ​လော့။

14 သင်​တို့​သည် မ​နက်​ဖြန် မည်​သို့​ဖြစ်​မည်​ကို မ​သိ​ကြ။ သင်​တို့​၏​အ​သက်​သည် မည်​သို့​သော​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​သည် ခေတ္တ​ခ​ဏ​ပေါ်​လာ​ပြီး​နောက် ပျောက်​ကွယ်​သွား​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်​ကြ​၏။

15 ထို့​ကြောင့် “ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ​လျှင် ငါ​တို့​သည် အ​သက်​ရှင်​၍ ဤ​အ​မှု သို့​မ​ဟုတ် ထို​အ​မှု​ကို​ပြု​ကြ​မည်”​ဟု​သာ သင်​တို့​ဆို​သင့်​၏။

16 သို့​သော် ယ​ခု သင်​တို့​သည် ဟိတ်​ဟန်​ထုတ်​လျက် ဝါ​ကြွား​နေ​ကြ​၏။ ထို​သို့​သော​ဝါ​ကြွား​ခြင်း​ဟူ​သ​မျှ​သည် မ​ကောင်း​သော​အ​မှု​ဖြစ်​၏။

17 သို့​ဖြစ်​၍ မည်​သူ​မ​ဆို ကောင်း​သော​အ​မှု​ကို​လုပ်​ဆောင်​ရန် သိ​လျက်​နှင့်​မ​လုပ်​ဘဲ​နေ​လျှင် သူ့​အ​တွက်​အ​ပြစ်​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5