5 ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို မိမိ၏သန့်ရှင်းသောတမန်တော်များနှင့်ပရောဖက်များအား ဝိညာဉ်တော်အားဖြင့် ယခုဖွင့်ပြတော်မူသကဲ့သို့ အခြားသောခေတ်ကာလများ၌ လူသားတို့အား သိစေတော်မမူခဲ့ပေ။
6 ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ အတူတကွအမွေဆက်ခံသူများ၊ တစ်ခုတည်းသောကိုယ်ခန္ဓာ၏အင်္ဂါများနှင့် ကတိတော်ကို အတူတကွခံစားရသူများဖြစ်ကြခြင်းတို့ဖြစ်၏။
7 ဘုရားသခင်သည် မိမိတန်ခိုးတော်၏လုပ်ဆောင်မှုအားဖြင့် ငါ့အားပေးအပ်ထားသော ကျေးဇူးတော်ဆိုင်ရာ ကောင်းချီးလက်ဆောင်နှင့်အညီ ငါသည် ထိုကောင်းမြတ်သောသတင်းနှင့်ဆိုင်သော အမှုတော်ဆောင်ဖြစ်လာ၏။
8 သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
9 အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၌ ရှေးကာလများမှစ၍ ဝှက်ထားခြင်းခံရသည့် လျှို့ဝှက်နက်နဲသောအရာနှင့်ဆိုင်သော စီမံခန့်ခွဲမှုသည် မည်သည့်အရာဖြစ်သည်ကို လူအပေါင်းတို့တွင် သိသာထင်ရှားစေရန်ဖြစ်၏။
10-11 ဤသည်ကား ငါတို့၏သခင်ခရစ်တော်ယေရှု၌ ပြီးပြည့်စုံသောထာဝရအကြံအစည်တော်နှင့်အညီ အထက်ကောင်းကင်အရပ်၌ရှိသော အာဏာစက်များနှင့်အုပ်ချုပ်မှုများအား ယခုအခါတွင် အသင်းတော်အားဖြင့် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို သိစေရန်ဖြစ်၏။
12 ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းကိုလည်းကောင်း၊ ယုံကြည်စိတ်ချစွာဖြင့် အထံတော်သို့တိုးဝင်ခွင့်ကိုလည်းကောင်း ကိုယ်တော်၌ ငါတို့ရရှိကြ၏။