ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5 MSB

1 ထို့​ကြောင့် ချစ်​တော်​မူ​သော​သား​သ​မီး​များ​အ​ဖြစ် ဘု​ရား​သ​ခင်​ကို အ​တု​ယူ​သူ​များ​ဖြစ်​ကြ​လော့။

2 ခ​ရစ်​တော်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​၍ ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို ပူ​ဇော်​သက္ကာ​နှင့်​ယဇ်​တည်း​ဟူ​သော မွှေး​ကြိုင်​သည့်​ရ​နံ့​အ​ဖြစ် ဘု​ရား​သ​ခင်​ထံ ဆက်​ကပ်​အပ်​နှံ​တော်​မူ​သည့်​နည်း​တူ ချစ်​ခြင်း​မေတ္တာ​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

3 တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ အ​မျိုး​မျိုး​သော​ညစ်​ညူး​ခြင်း​နှင့် လော​ဘ​လွန်​ကျူး​ခြင်း​တို့​ကို သန့်​ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အ​တိုင်း သင်​တို့​ထဲ​တွင် စ​ကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။

4 မ​ဖွယ်​မ​ရာ​ပြု​မူ​ခြင်း၊ မိုက်​မဲ​စွာ​ပြော​ဆို​ခြင်း​နှင့် ညစ်​ညမ်း​သော​ပြက်​လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်​လျော်​သ​ဖြင့် ရှောင်​ရှား​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။

5 တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ၊ ညစ်​ညူး​သော​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သူ​တစ်​စုံ​တစ်​ဦး​မျှ ခ​ရစ်​တော်​နှင့်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​ရ​မည်​မ​ဟုတ်​ကြောင်း ကောင်း​စွာ​သိ​မှတ်​ကြ​လော့။

အ​လင်း​နှင့်​အ​မှောင်

6 အ​ချည်း​နှီး​သော​စ​ကား​တို့​ဖြင့် မည်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြောင်း​မူ​ကား ဤ​အ​မှု​များ​ကြောင့် ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည် နာ​ခံ​မှု​မ​ရှိ​သော​သူ​တို့​အ​ပေါ်​သို့ သက်​ရောက်​လာ​၏။

7 ထို့​ကြောင့် သူ​တို့​နှင့်​အ​တူ ပေါင်း​ဖော်​ခြင်း​မ​ပြု​ကြ​နှင့်။

8 အ​ဘယ်​ကြောင့်​ဆို​သော် တစ်​ချိန်​က သင်​တို့​သည် အ​မှောင်​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ သ​ခင်​ဘု​ရား​၌ အ​လင်း​ဖြစ်​ကြ​၏။ အ​လင်း​၏​သား​သ​မီး​များ​ကဲ့​သို့ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

9 အ​ကြောင်း​မူ​ကား အ​လင်း​၏​အ​သီး​အ​ပွင့်​သည် အ​လုံး​စုံ​သော​ကောင်း​မြတ်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​နှင့် မှန်​ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။

10 သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ပိုင်း​ခြား​သိ​ရှိ​ကြ​လော့။

11 အ​ကျိုး​မဲ့​သော​မှောင်​မိုက်​ခြင်း​၏​အ​မှု​တို့​၌ မ​ပါ​ဝင်​ကြ​သည်​သာ​မ​က ထို​အ​မှု​တို့​၏​အ​ပြစ်​ကို ဖော်​ပြ​ကြ​လော့။

12 အ​ကြောင်း​မူ​ကား ဆိတ်​ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အ​ရာ​များ​ကို ပြော​ဆို​ရန်​ပင် ရှက်​ဖွယ်​ကောင်း​၏။

13 သို့​သော် အ​လင်း​အား​ဖြင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ခံ​ရ​သော​အ​ရာ​အား​လုံး​သည် ထင်​ရှား​လာ​၏။

14 အ​ကြောင်း​မူ​ကား ထင်​ရှား​လာ​သော​အ​ရာ​ရှိ​သ​မျှ​သည် အ​လင်း​ဖြစ်​၏။ သို့​ဖြစ်​၍ “အိပ်​ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လော့။ ထို​အ​ခါ ခ​ရစ်​တော်​သည် သင့်​အား အ​လင်း​ကို​ပေး​တော်​မူ​လိမ့်​မည်”​ဟု ဆို​ထား​၏။

ခ​ရစ်​ယာန်​အ​သက်​တာ​၌ ခိုင်​ခန့်​မြဲ​မြံ​ခြင်း

15 ထို့​ကြောင့် သင်​တို့​သည် မည်​သို့​အ​သက်​ရှင်​လျှောက်​လှမ်း​သည်​ကို သေ​ချာ​စွာ​ဆင်​ခြင်​ကြ​လော့။ ပ​ညာ​မဲ့​ကဲ့​သို့​မ​ဟုတ်​ဘဲ ပ​ညာ​ရှိ​ကဲ့​သို့ လျှောက်​လှမ်း​၍

16 နေ့​ရက်​ကာ​လ​တို့​သည် ဆိုး​ညစ်​သော​ကြောင့် အ​ချိန်​အ​ခါ​ကို ကောင်း​စွာ​အ​သုံး​ချ​ကြ​လော့။

17 သို့​ဖြစ်​၍ မိုက်​မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သ​ခင်​ဘု​ရား​၏​အ​လို​တော်​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို နား​လည်​ကြ​လော့။

18 အ​ပျော်​ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စ​ပျစ်​ဝိုင်​ယစ်​မူး​ခြင်း​မ​ရှိ​ဘဲ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​ကြ​လော့။

19 ဆာ​လံ​သီ​ချင်း​များ၊ ဓမ္မ​သီ​ချင်း​များ​နှင့် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သီ​ချင်း​များ​ကို အ​ချင်း​ချင်း​မြွက်​ဆို​လျက် သ​ခင်​ဘု​ရား​ထံ​သို့ သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​မှ သီ​ဆို​ကျူး​ဧ​ကြ​လော့။

20 အ​ရာ​ခပ်​သိမ်း​တို့​အ​တွက် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​စဉ်​ကျေး​ဇူး​တင်​ကြ​လော့။

21 ခ​ရစ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​ဖြင့် အ​ချင်း​ချင်း​နာ​ခံ​ကြ​လော့။

ဇ​နီး​သည်​များ​နှင့်​ခင်​ပွန်း​သည်​များ

22 ဇ​နီး​သည်​တို့၊ သ​ခင်​ဘု​ရား​ကို​နာ​ခံ​သ​ကဲ့​သို့ မိ​မိ​၏​ခင်​ပွန်း​သည်​ကို နာ​ခံ​ကြ​လော့။

23 အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည် အ​သင်း​တော်​တည်း​ဟူ​သော​ကိုယ်​ခန္ဓာ​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​ပြီး ထို​အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့ ခင်​ပွန်း​သည်​သည်​လည်း ဇ​နီး​သည်​၏​ဦး​ခေါင်း​ဖြစ်​၏။

24 အ​သင်း​တော်​သည် ခ​ရစ်​တော်​ကို​နာ​ခံ​သ​ကဲ့​သို့ ဇ​နီး​သည်​တို့​သည်​လည်း အ​ရာ​ရာ​၌ ခင်​ပွန်း​သည်​ကို​နာ​ခံ​ကြ​ရ​မည်။

25 ခင်​ပွန်း​သည်​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို​ချစ်​၍ အ​သင်း​တော်​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​သည့်​နည်း​တူ ဇ​နီး​သည်​ကို ချစ်​ကြ​လော့။

26 ခ​ရစ်​တော်​သည် ထို​သို့​ပြု​ခြင်း​မှာ ရေ​နှင့်​ဆိုင်​သော​ဆေး​ကြော​ခြင်း​အား​ဖြင့် နှုတ်​က​ပတ်​တော်​၌ အ​သင်း​တော်​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ရန်​နှင့်

27 အ​စွန်း​အ​ထင်း၊ အ​တွန့်​အ​ရှုံ့​မှ​စ​၍ ထို​သို့​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဘဲ သန့်​ရှင်း​၍ အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ဂုဏ်​သ​ရေ​ရှိ​သော​အ​သင်း​တော်​ကို မိ​မိ​အား​ဆက်​သ​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

28 ထို​နည်း​တူ ခင်​ပွန်း​သည်​တို့​သည်​လည်း မိ​မိ​တို့​၏​ဇ​နီး​သည်​ကို မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကဲ့​သို့ ချစ်​ကြ​ရ​မည်။ မိ​မိ​၏​ဇ​နီး​သည်​ကို ချစ်​သော​သူ​သည် မိ​မိ​ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်​၏။

29 အ​ကြောင်း​မူ​ကား မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​အား​ပြု​တော်​မူ​သ​ကဲ့​သို့ လူ​တိုင်း မိ​မိ​ကိုယ်​ခန္ဓာ​ကို​ပြု​စု​ပျိုး​ထောင်​၍ ယု​ယ​မြတ်​နိုး​တတ်​၏။

30 အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဆိုင်​ရာ အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။

31 ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​စွန့်​ခွာ​၍ မိ​မိ​မ​ယား​နှင့်​ပေါင်း​ဖက်​သ​ဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်။

32 ဤ​အ​ရာ​သည် အ​လွန်​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဖြစ်​၏။ ထို​သို့​ဆို​သော် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​ညွှန်း​၍ ငါ​ဆို​၏။

33 မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​တစ်​ဦး​စီ​သည်​လည်း မိ​မိ​ကိုယ်​ကို​ချစ်​သ​ကဲ့​သို့ မိ​မိ​ဇ​နီး​သည်​ကို ချစ်​ကြ​လော့။ ဇ​နီး​သည်​တို့​သည်​လည်း မိ​မိ​ခင်​ပွန်း​သည်​ကို ရို​သေ​ကြ​လော့။

အခန်းကြီး

1 2 3 4 5 6