ဧ​ဖက်​ဩ​ဝါ​ဒ​စာ 6 MSB

သား​သ​မီး​များ​နှင့်​မိ​ဘ​များ

1 သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား​၌ သင်​တို့​၏​မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား ထို​သို့​ပြု​ခြင်း​သည် မှန်​ကန်​သော​အ​မှု​ဖြစ်​၏။

2-3 သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့။ ဤ​သည်​ကား “ထို​သို့​ပြု​လျှင် သင်​သည် ကမ္ဘာ​မြေ​ပေါ်​၌ ကောင်း​စား​လျက် အ​သက်​ရှည်​ရ​လိမ့်​မည်”​ဟူ​သော​က​တိ​တော်​ပါ​သည့် ပ​ထ​မ​ပ​ညတ်​ချက်​ဖြစ်​၏။

4 ဖ​ခင်​တို့၊ သင်​တို့​၏​သား​သ​မီး​များ​ကို မ​ခံ​မ​ရပ်​နိုင်​ဖြစ်​အောင် မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား​၏​ဆုံး​မ​ပဲ့​ပြင်​ခြင်း​နှင့်​သ​တိ​ပေး​ခြင်း​တို့​အ​တိုင်း သူ​တို့​ကို ပြု​စု​ပျိုး​ထောင်​ကြ​လော့။

ကျွန်​များ​နှင့်​သ​ခင်​များ

5 ကျွန်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​ကို​နာ​ခံ​သ​ကဲ့​သို့ ကြောက်​ရွံ့​တုန်​လှုပ်​လျက် ရိုး​သား​သော​စိတ်​နှ​လုံး​ဖြင့် သင်​တို့​၏​လော​ကီ​သ​ခင်​များ​ကို နာ​ခံ​ကြ​လော့။

6 မျက်​နှာ​လို​မျက်​နှာ​ရ​လုပ်​သူ​များ​ကဲ့​သို့ မျက်​မှောက်​၌​သာ လုပ်​ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​၏​ကျွန်​များ​ကဲ့​သို့ စိတ်​နှ​လုံး​ပါ​လျက် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​ကာ

7 လူ​တို့​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​ကို​အ​စေ​ခံ​သ​ကဲ့​သို့ စေ​တ​နာ​စိတ်​ဖြင့် အ​စေ​ခံ​ကြ​လော့။

8 ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ ကောင်း​သော​အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု​သော​သူ​တိုင်း​သည် သ​ခင်​ဘု​ရား​ထံ​မှ အ​ကျိုး​ခံ​စား​ရ​မည်​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

9 သ​ခင်​တို့၊ သင်​တို့​သည်​လည်း ကျွန်​များ​အ​ပေါ် ထို​နည်း​တူ​ပြု​ကြ​လော့။ သူ​တို့​ကို​မ​ခြိမ်း​ခြောက်​ကြ​နှင့်။ သင်​တို့​နှင့်​သူ​တို့​၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​၍ ထို​သ​ခင်​သည် မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ကြောင်း သိ​မှတ်​ကြ​လော့။

ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ

10 နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် သ​ခင်​ဘု​ရား​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​စွမ်း​သတ္တိ​နှင့်​ဆိုင်​သော တန်​ခိုး​အ​ရှိန်​အ​ဝါ​၌​လည်း​ကောင်း ခွန်​အား​နှင့်​ပြည့်​စုံ​ကြ​လော့။

11 သင်​တို့​သည် မာရ်​နတ်​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ခု​ခံ​တား​ဆီး​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို ဆောင်​ယူ​ဝတ်​ဆင်​ကြ​လော့။

12 အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော​သူ​ကို ရင်​ဆိုင်​တိုက်​ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်​ချုပ်​မှု​များ၊ အာ​ဏာ​စက်​များ၊ ဤ​လော​ကီ​မှောင်​မိုက်​ခြင်း​ကို အ​စိုး​တ​ရ​ပြု​သော​မင်း​များ၊ အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သည့် ဆိုး​ညစ်​သော​ဝိ​ညာဉ်​တန်​ခိုး​များ​နှင့် ရင်​ဆိုင်​တိုက်​ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။

13 ထို့​ကြောင့် ဆိုး​ညစ်​သော​နေ့​ရက်​ကာ​လ​၌ ကြံ့​ကြံ့​ခံ​၍ အ​လုံး​စုံ​တို့​ကို​ပြီး​မြောက်​စေ​လျက် ရပ်​တည်​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို ဆောင်​ယူ​ကြ​လော့။

14 သို့​ဖြစ်​၍ သမ္မာ​တ​ရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်​မတ်​ခြင်း​ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​ကာ

15 ခြေ​၌ ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အ​သင့်​ဖြစ်​ခြင်း​ကို​စီး​၍ ရပ်​တည်​ကြ​လော့။

16 ထို​အ​ရာ​အား​လုံး​တို့​အ​ပြင် ယုံ​ကြည်​ခြင်း​ဒိုင်း​လွှား​ကို ထပ်​ဆင့်​၍​ဆောင်​ယူ​ကြ​လော့။ ထို​ဒိုင်း​လွှား​အား​ဖြင့် မာရ်​နတ်​၏​တောက်​လောင်​နေ​သော​မြား​ရှိ​သ​မျှ​တို့​ကို သင်​တို့​ငြိမ်း​သတ်​နိုင်​ကြ​လိမ့်​မည်။

17 ကယ်​တင်​ခြင်း​သံ​ခ​မောက်​နှင့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်​ဓား​ကို​လည်း ယူ​ကြ​လော့။

18 အ​မျိုး​မျိုး​သော ဆု​တောင်း​ခြင်း​နှင့်​အ​သ​နား​ခံ​ခြင်း​တို့​ဖြင့် အ​ချိန်​ရှိ​သ​ရွေ့ ဝိ​ညာဉ်​တော်​၌​ဆု​တောင်း​ကြ​လော့။ ထို​သို့​ပြု​နိုင်​ရန် နိုး​နိုး​ကြား​ကြား​ရှိ​လျက် ဇွဲ​လုံ့​လ​အ​ပြည့်​အ​ဝ​ဖြင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​တွက် အ​သ​နား​ခံ​ကြ​လော့။

19 ငါ​သည် နှုတ်​ကို​ဖွင့်​သော​အ​ခါ ပြော​ရ​မည့်​စ​ကား​ကို ငါ့​အား​ပေး​တော်​မူ​၍ ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ရဲ​ရင့်​စွာ​ပြော​ပြ​နိုင်​ရန် ငါ့​အ​တွက်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

20 ငါ​သည် ဤ​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် သံ​ကြိုး​ဖြင့်​ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သော သံ​တ​မန်​ဖြစ်​၏။ ဤ​သို့​ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သော်​လည်း ငါ​သည် ဟော​ပြော​သင့်​သည့်​အ​တိုင်း ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန် ဆု​တောင်း​ပေး​ကြ​လော့။

နှုတ်​ဆက်​စ​ကား

21 ငါ​၌​ဖြစ်​နေ​သော​အ​ရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အ​မှု​ကို သင်​တို့​လည်း​သိ​ရှိ​နိုင်​ရန် သ​ခင်​ဘု​ရား​၌​သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တု​ခိတ်​သည် အ​လုံး​စုံ​တို့​ကို သင်​တို့​အား ပြော​ပြ​လိမ့်​မည်။

22 သူ့​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခြင်း​မှာ ငါ​တို့​နှင့်​ပတ်​သက်​သော​အ​ရာ​များ​ကို သင်​တို့​သိ​ရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို အား​ပေး​နိုင်​ရန်​ဖြစ်​၏။

23 အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ငြိမ်​သက်​ခြင်း၊ ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​သည် ညီ​အစ်​ကို​တို့​၌ တည်​ရှိ​ပါ​စေ​သော။

24 ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို မ​ဖောက်​ပြန်​သော​မေတ္တာ​ဖြင့် ချစ်​သော​သူ​အ​ပေါင်း​တို့​အ​ပေါ်​၌ ကျေး​ဇူး​တော်​သက်​ရောက်​ပါ​စေ​သော။

အခန်းကြီး

1 2 3 4 5 6