12-13 ဤသည်ကား ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။
14 ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
15 ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။
16 ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
17 ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
18 ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။
19 သူတို့သည် ရှက်ကြောက်စိတ်ကင်းမဲ့လျက် ညစ်ညူးသောအရာအမျိုးမျိုးတို့ကို အလွန်တပ်မက်သောစိတ်နှင့်ပြုမူ၍ မိမိတို့ကိုယ်ကို ကာမဂုဏ်လိုက်စားခြင်းလက်သို့ အပ်လိုက်ကြ၏။