19 သူတို့သည် ရှက်ကြောက်စိတ်ကင်းမဲ့လျက် ညစ်ညူးသောအရာအမျိုးမျိုးတို့ကို အလွန်တပ်မက်သောစိတ်နှင့်ပြုမူ၍ မိမိတို့ကိုယ်ကို ကာမဂုဏ်လိုက်စားခြင်းလက်သို့ အပ်လိုက်ကြ၏။
20-21 သို့သော် သမ္မာတရားသည် ယေရှု၌ရှိသည်နှင့်အညီ သင်တို့သည် ခရစ်တော်အကြောင်းကိုကြားနာလျက် ကိုယ်တော်၌ သွန်သင်ခြင်းကိုခံယူခဲ့သည်မှန်လျှင် ခရစ်တော်၌ ထိုသို့နည်းခံခဲ့ကြသည်မဟုတ်။
22 သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
23 သင်တို့၏စိတ်နှလုံးသဘော အသစ်ပြုပြင်ခြင်းခံရကာ
24 သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။
25 ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
26 အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ အမျက်မပြေဘဲ နေမဝင်စေကြနှင့်။