8 ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
9 (တက်သွားတော်မူသောအခါဟုဆိုရာတွင် မြေကြီးအောက်အရပ်များသို့လည်း ကြွဆင်းတော်မူခဲ့ကြောင်းကို ဆိုလိုခြင်းမဟုတ်လျှင် မည်သည့်အရာဖြစ်ဦးမည်နည်း။
10 ကြွဆင်းတော်မူခဲ့သောအရှင်ကိုယ်တိုင်သည် အရာခပ်သိမ်းတို့ကို ပြည့်စုံစေရန် ကောင်းကင်အထပ်ထပ်တို့အပေါ်သို့ တက်သွားတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။)
11 ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။
12-13 ဤသည်ကား ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။
14 ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
15 ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။