2 ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။
3 သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4 ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
5 အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
6 အာဗြံသည် ထိုပြည်ကိုရှောက်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ရှိကြရ၏။
7 ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟုမိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။
8 ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဘို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။