1 ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
2 အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
3 တဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ဘွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
4 တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲကထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
5 အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။