16 ထိုလူတို့သည် ထိုအရပ်ကထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက်သွားကြ၏။ အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းငှါ လိုက်လေ၏။
17 ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။
18 အာဗြဟံသည်ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသောလူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့်ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
19 အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
20 တဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သော အသံသည်ကြီး၍၊ အလွန်အပြစ်လေးသောကြောင့်၊
21 ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။
22 ထိုသူတို့သည် ထိုအရပ်မှမျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြံဟံမူကား၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။