25 ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော်မူသောသခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု ေလျှာက်ဆို၏။
26 ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။
27 တဖန်အာဗြဟံက၊ အကျွန်ုပ်သည်မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏။
28 ဖြောင့်မတ်သောသူငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သောအတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌လေးဆယ့်ငါးယောက်ကိုငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။
29 တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက်ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
30 တဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ်လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။
31 တဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခုလျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။