ကမ္ဘာ​ဦး 20:6-12 BJB

6 ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကိုမပြစ်မှားစေခြင်းငှါ၊ သင့်ကို ငါဆီးတားပြီ။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသောအခွင့်ကို ငါမပေး။

7 ယခုမှာ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဘို့ဆုတောင်းလျှင်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍ မပေးဘဲနေလျှင် သင်မှစ၍ သင်နှင့်ဆိုင်သောသူအပေါင်းတို့သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။

8 နံနက်စောစောအဘိမလက်သည်ထ၍၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ အမူအရာအလုံးစုံကို ပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။

9 အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင်သည်ငါတို့၌ အဘယ်သို့ ပြုသနည်း။ သင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည်ငါ၌၎င်း၊ ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။

10 တဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကိုမြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊

11 အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။

12 သို့သော်လည်း သူသည်အကျွန်ုပ်နှမမှန်ပါ၏။ အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။