15 အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
16 အဘိမလက်မင်းကလည်း၊ သင်သည် ငါ့တို့ထက်တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကိုအမိန့်ရှိသောကြောင့်၊
17 ဣဇာက်သည် ထိုမြို့မှထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
18 ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံကျွန်တို့တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သောရေတွင်းတို့ကို တူးဘော်ပြန်၍၊ အထက်က အဘသမုတ်သော အမည်ဖြင့် သမုတ်လေ၏။
19 ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်းရေတွင်းကို တွေ့ကြ၏။
20 ဂေရာအမျိုးသားနွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့်လေ၏။
21 နောက်တဖန် အခြားသောရေတွင်းကို တူးပြန်ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့် မှည့်လေ၏။