29 သူတပါးတို့သည်သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့သည် ကောင်းကြီးကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
30 ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်းကြီးမင်္ဂလာကိုခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်းတွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှရောက်လာ၏။
31 သူသည်လည်း အမဲဟင်းလျာကိုချက်၍ အဘထံသို့ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကိုထ၍စားပါလော့ဟုဆိုလေ၏။
32 အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန်တုန်လှုပ်၍ အဘယ်သူနည်း။
33 အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မှီ ငါသည်အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းကြီးပေးမိပြီ။ သူသည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
34 အဘဆိုသောစကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်းကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
35 အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။