22 ညဉ့်မကုန်မှီထ၍ မယားနှစ်ယောက်၊ ကျွန်မနှစ်ယောက်၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
23 ထိုသို့သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ကူးစေပြီးမှ၊
24 ယာကုပ်သည်တယောက်တည်းနေရစ်၍၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။
25 ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ချန်ကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။
26 ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။
27 ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့နည်းဟုမေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။
28 နောင်၌ သင်၏အမည်ကိုယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည်ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။