ကမ္ဘာ​ဦး 38:16-22 BJB

16 လမ်းကိုလွှဲ၍အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကိုပေးမည်နည်းဟုမေးလျှင်၊

17 ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊

18 ယုဒက အဘယ်အရာကိုပေါင်စေချင်သနည်းဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကိုပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူလေ၏။

19 ထိုနောက်မှ၊ မိန်းမသည်ထသွား၍ မျက်နှာဖုံးကိုချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။

20 ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကိုရွေးယူခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကိုပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊

21 ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည်တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊

22 ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြောင်းကို ပြောလေ၏။