ကမ္ဘာ​ဦး 41:40-46 BJB

40 သင်သည်နန်းတော်အုပ်ဖြစ်ရမည်။ သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက်ကြီးမြတ်မည်ဟု မိန့်တော်မူ၏။

41 တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အားမိန့်တော်မူလျက်၊

42 လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်းဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊

43 ဒုတိယရထားတော်ကိုစီးစေတော်မူ၏။ ပြပ်ဝပ်၍နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တုပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။

44 ဖာရောမင်းကလည်း၊ ငါသည်ဖာရောဘုရင်မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည်တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။

45 ဖာရောမင်းသည်လည်း၊ ဇာဖဏာသဖာဏတည်းဟူသော ဘွဲ့နာမနှင့် ယောသပ်ကိုချီးမြှောက်၍ ဩနမြို့၏ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တုနိုင်ငံအုပ်အရာနှင့် အထံတော်က ထွက်လေ၏။

46 ယောသပ်သည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ်ရှိသတည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့သွားလေ၏။