19 သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကားသွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။
20 အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
21 ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
22 ရုဗင်ကလည်း၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲနေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
23 ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။
24 ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ငိုလေ၏။ တဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
25 ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။