5 ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချၖိုင်းတွင်း၌၊ ငါ့ကိုသင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကိုကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကိုသင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်လျှောက်ကြပါလော့ဟုဆို၏။
6 ဖာရောမင်းကလည်း၊ သင်၏အဘကျိန်ဆိုစေသည်အတိုင်းသွား၍၊ သင်္ဂြိုဟ်လော့ဟုမိန့်တော်မူ၏။
7 ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှါထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော်အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊
8 ယောသပ်အိမ်သား၊ အစ်ကိုတို့အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့်သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။
9 ထိုသို့လျှင်ရထားများ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွလိုက်သွားကြ၏။
10 ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ အလွန်ကြီးစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
11 ထိုသို့အာတဒ်ကောက်နယ်တလင်း၌ပြုသော ငိုကြွေးမြည်တမ်းခြင်းကို၊ ထိုပြည်သားခါနာန်လူတို့သည်မြင်လျှင်၊ အဲဂုတ္တုလူတို့သည် ပြင်းစွာငိုကြွေးမြည်တမ်း ပါသည်တကားဟုဆိုကြ၏။ ထိုကြောင့် ယော်ဒန်မြစ်နားမှာရှိသောထိုအရပ်ကို၊ အဗေလမိဇရိမ်ဟူ၍သမုတ်ကြသတည်း။