ကမ္ဘာ​ဦး 6:12-18 BJB

12 ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။

13 ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။

14 ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

15 လုပ်ရမည်ပုံဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိစေရမည်။

16 အပေါ်၌လည်းအမိုးကိုလုပ်ရမည်။ ထိုအမိုးအပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။

17 အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်းခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။

18 သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ရမည်။