တ​ရား​ဟော 10:8-14 BJB

8 ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။

9 ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည်အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရ၏။

10 လေဝိသားတို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာကို ထမ်းစေခြင်းငှာ၎င်း၊ ရှေ့တော်၌ရပ်၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှာ၎င်း၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း၊ ယနေ့တိုင်အောင် ထိုသူတို့ကိုခွဲခန့်တော်မူ၏။

11 ထို့ကြောင့်လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော၍အဘို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေဖြစ် တော်မူ၏။

12 အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊

13 သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကိုတောင်းတော်မူသနည်း။

14 မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။