4 သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ၊
5 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ်ရှိသမျှတို့တွင် နာမတော်ကိုတည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍လာရကြမည်။
6 ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့် ဆိုင်သောပူဇော်သက္ကာ၊ အလိုလိုပြုသောပူဇော်သက္ကာမှစ၍၊ သိုးနွားတွင် အဦးဘွားသောသားငယ်တို့ကို ဆောင်ခဲ့ရကြမည်။
7 ထိုအရပ်၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကောင်းကြီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
8 ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဥာဏ်ကိုလိုက်၍ မပြုရကြ။
9 သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော အမွေခံရာချမ်းသာထဲသို့ သင်တို့သည် မဝင်ရကြသေး။
10 သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်၌နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကိုကယ်နှုတ်တော်မူသဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊