တ​ရား​ဟော 15:5-11 BJB

5 ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လော့။

6 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့သည် သင့်ကို အစိုးမပိုင်ရကြ။

7 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။

8 သင်၏လက်ကို သူ့အဘို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။

9 သင့်စိတ်နှလုံး၌ ဆိုးညစ်သောသဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌အပြစ်မရောက်မည်အကြောင်း သတိပြုလော့။

10 အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူမည်။

11 သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာထား၏။