14 အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ်သောသူငှားကို မညှဉ်းဆဲရ။
15 နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက်သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကိုအပြစ်တင်၍ ထာဝရဘုရားကို အော်ဟစ်သဖြင့် သင်၌အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
16 အဘသည် သား၏အပြစ်ကြောင့်၎င်း၊ သားသည် အဘ၏အပြစ်ကြောင့်၎င်း၊ အသေမခံရ။ လူတိုင်းမိမိအပြစ်ကြောင့်သာ အသေခံရမည်။
17 တရားရှာတွေ့ခြင်းအမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုတ်ဆိုးမအဝတ်ကို အပေါင်မယူရ။
18 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ်တော်မူကြောင်းကို၎င်း အောက်မေ့ရ မည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။
19 သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။
20 သင်၏သံလွင်သီးကိုရိုက်ချွေသောအခါ၊ ကျန်ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။