8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဘွယ်သော နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင်၊
9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။
10 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနားတော်မူသောပြည်၌ အဦးသီးသောအသီးကို အကျွန်ုပ်ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအားလျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။
11 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှသောကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသောလေဝိသားမှစ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ခြင်းကို ပြုရမည်။
12 သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယနှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့တဘို့ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေးမွေးပြီးမှ၊
13 သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့အားပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။
14 မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဘို့ အနည်းငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထားတော်မူသမျှအတိုင်း ပြုပါပြီ။