တ​ရား​ဟော 28:30-36 BJB

30 မိန်းမနှင့် လက်ထပ်ပြီးသော်လည်း အခြားသောသူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်သီးကို မဆွတ်မယူရ။

31 သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေသော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။

32 သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက်၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန်လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။

33 သင်မသိမကျွမ်းသောလူမျိုးသည် သင့်နေရာပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသောဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။

34 ထိုသို့ ကိုယ်တိုင်တွေ့မြင်သောအမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။

35 ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သောအနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။

36 ထာဝရဘုရားသည်၊ သင်ချီးမြှောက်သောရှင်ဘုရင်ကို သင်နှင့် သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။