တ​ရား​ဟော 31:10-16 BJB

10 မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကိုလွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန်ရောက်မှ၊

11 သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူလတံ့သော အရပ်တွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။

12 ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသောတပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။

13 ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင်ကြလိမ့်မည်ဟု မှာထားသတည်း။

14 ထာဝရဘုရားကလည်း၊ သင်သည် သေရသောအချိန်နီးပြီ။ ယောရှုကိုခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှုသည်သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်ကြ၏။

15 ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ်တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော်တံခါးဝအပေါ်မှာ တည်နေ၏။

16 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည်ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသားကိုးကွယ်သောဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။