7 တဖန်ယောရှုကိုခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်သည် သူတို့နှင့်အတူသွား၍ အမွေခံစေရမည်။
8 သင့်ရှေ့မှာ ထာဝရဘုရားသည်ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။
9 ဤပညတ်တရားကို မောရှေသည်ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အသက်ကြီးသူများ အပေါင်းတို့၌အပ်၍၊
10 မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကိုလွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန်ရောက်မှ၊
11 သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူလတံ့သော အရပ်တွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။
12 ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသောတပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
13 ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင်ကြလိမ့်မည်ဟု မှာထားသတည်း။