11 သင်တို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
12 မောရှေသည်လည်း၊ အာရုန်နှင့် ကြွင်းသောသားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရဘုရားအားမီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာအကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာစားကြလော့။ အလွန်သန့်ရှင်းပေ၏။
13 ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာထဲက သင်နှင့် သင်၏သားတို့ ခံထိုက်သောအဘို့ဖြစ်၍ သန့်ရှင်းရာဌာနတော်၌စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
14 ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ်သောအရပ်၌စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိဿဟာယယဇ်ထဲက၊ သင်နှင့် သင်၏သားတို့သည် ခံထိုက်သောအဘို့ဖြစ်သတည်း။
15 မီးဖြင့် ပူဇော်သောယဇ်ကောင်ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ၍၊ ထာဝရပညတ်တော်အတိုင်း၊ သင်နှင့် သင်၏ သားတို့သည်ကိုယ်အဘို့ယူရကြမည်။ ထိုသို့ထာဝရဘုရားမှာထားတော်မူပြီဟု ဆိုလေ၏။
16 တဖန်မောရှေသည် အပြစ်ဖြေရာယဇ်ပြုသောဆိတ်ကို ကြိုးစား၍ ရှာသော်လည်းမတွေ့။ မီးရှို့နှင့်ပြီ။ ထိုကြောင့် ကြွင်းသောအာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက်ဆိုသည်ကား၊
17 အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရဘုရားရှေ့တော်၌ သူတို့အဘို့ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှါ ထိုယဇ်သားကိုပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။