ဝတ်​ပြု 14:36-42 BJB

36 ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ရောက်မည်ကိုစိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာကိုအကြည့်အရှုမဝင်မှီ၊ ရှိသမျှကိုထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုအိမ်ကိုအကြည့်အရှုဝင်၍၊

37 အနာကိုကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌အနာစွဲဟန်ရှိလျှင်၊ 

38 အိမ်တံခါးပြင်သို့ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံးပိတ်ထားရမည်။

39 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊

40 အနာစွဲသော ကျောက်တို့ကိုနှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သောအရပ်၌ ပစ်ထားစေခြင်းငှါ ယဇ်ပုရောဟိတ်စီရင်၍၊

41 ထိုအိမ်ကို အတွင်းပတ်လည်၌ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ်သောအရပ်၌ သွန်ပစ်ရမည်။

42 အရင်ကျောက်အစား၌ အခြားသောကျောက်ကိုယူ၍ထည့်ပြီးလျှင်၊ အသစ်သောအင်္ဂတေနှင့် မွမ်းမံရမည်။