ဝတ်​ပြု 20:15-21 BJB

15 ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်းသတ်ရမည်။

16 မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

17 ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သောမိမိနှမနှင့် သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။

18 ယောက်ျားသည် ဥတုရောက်လျက်ရှိသောမိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေးသွန်အနာကိုထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကိုခံရကြမည်။

19 အဘ၏နှမ၊ အမိ၏ညီမနှင့် မသင့်မနေရ။ ထိုသို့သောပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကိုခံရကြမည်။

20 အဘ၏ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည်မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံး သားမရဘဲနေရလိမ့်မည်။

21 ညီအစ်ကို၏မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာဆိုင်သောအရာကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။