ဝတ်​ပြု 23:8-14 BJB

8 ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကိုပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရဟု မိန့်တော်မူ၏။

9 တဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

10 သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးကိုရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစည်းကို ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။

11 သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ချီလွှဲရမည်။

12 ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

13 ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။

14 သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကိုဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကိုမစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။