ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 2 MSB

1 ငါ​သည် သင်​တို့​နှင့် လော​ဒိ​ကိ​မြို့​တွင်​ရှိ​သော​သူ​တို့​မှ​စ​၍ ငါ့​ကို လူ​ချင်း​မ​မြင်​ဖူး​သော​သူ​တို့​အ​တွက် မည်​မျှ​လောက်​ရုန်း​ကန်​ကြိုး​စား​နေ​သည်​ကို သင်​တို့​အား သိ​စေ​လို​ပါ​၏။

2 ဤ​သည်​ကား သူ​တို့​သည် စိတ်​နှ​လုံး​နှစ်​သိမ့်​မှု​ကို​ခံ​စား​ရ​၍ ချစ်​ခြင်း​မေတ္တာ​၌ ပေါင်း​စည်း​ခြင်း​ခံ​ရ​ကာ ဉာဏ်​စွမ်း​နှင့်​ဆိုင်​သော​စိတ်​ချ​မှု​နှင့်​ကြွယ်​ဝ​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တည်း​ဟူ​သော ခ​ရစ်​တော်​ကို​သိ​ကြ​မည့်​အ​ကြောင်း​တည်း။

3 ထို​ခ​ရစ်​တော်​ထဲ​၌ ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​တို့​၏​ရ​တ​နာ​ရှိ​သ​မျှ​တို့​သည် ဖုံး​ကွယ်​လျက်​ရှိ​ကြ​၏။

4 မည်​သူ​မျှ သင်​တို့​ကို ဖြား​ယောင်း​သော​စ​ကား​ဖြင့် မ​လှည့်​စား​စေ​ရန် ဤ​သို့ ငါ​ပြော​ဆို​၏။

5 အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ်​ခန္ဓာ​အား​ဖြင့် သင်​တို့​နှင့်​ကွဲ​ကွာ​နေ​သော်​လည်း စိတ်​ဝိ​ညာဉ်​အား​ဖြင့်​မူ​ကား သင်​တို့​နှင့်​အ​တူ​ရှိ​၍ သင်​တို့​၏​အ​စီ​အ​စဉ်​တ​ကျ​ရှိ​ခြင်း​နှင့် ခ​ရစ်​တော်​အ​ပေါ် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​မှု​တို့​ကို​တွေ့​သ​ဖြင့် ဝမ်း​မြောက်​၏။

ခ​ရစ်​တော်​၌​အ​သက်​ရှင်​လျှောက်​လှမ်း​ခြင်း

6 ထို့​ကြောင့် သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​ကို လက်​ခံ​ကြ​သည်​နှင့်​အ​ညီ ထို​သ​ခင်​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

7 ကိုယ်​တော်​၌​အ​မြစ်​တွယ်​၍ တည်​ဆောက်​ခြင်း​ခံ​ရ​ကာ သင်​တို့​သင်​ယူ​ခဲ့​သည့်​အ​တိုင်း ယုံ​ကြည်​ခြင်း​၌​တည်​မြဲ​လျက် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ပြည့်​စုံ​ကြ​လော့။

8 ခ​ရစ်​တော်​၏​တ​ရား​၌​အ​ခြေ​မ​ပြု​ဘဲ လော​က​၏​အ​ခြေ​ခံ​တ​ရား​နှင့် လူ​တို့​၏​ဓ​လေ့​ထုံး​တမ်း​၌​အ​ခြေ​ပြု​သော အ​တွေး​အ​ခေါ်​ပ​ညာ​နှင့် အ​နှစ်​သာ​ရ​ကင်း​မဲ့​သော​လှည့်​ဖြား​မှု​တို့​ဖြင့် မည်​သူ​က​မျှ သင်​တို့​ကို​မ​လွှမ်း​မိုး​မ​သိမ်း​သွင်း​စေ​ရန် သ​တိ​ပြု​ကြ​လော့။

9 အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​ဇာ​တိ​အ​ဖြစ်​တော်​၏​ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်​၌​ခန္ဓာ​အ​သွင်​အား​ဖြင့် ကိန်း​ဝပ်​တော်​မူ​၏။

10 သင်​တို့​သည် အုပ်​ချုပ်​မှု​နှင့်​အာ​ဏာ​စက်​ရှိ​သ​မျှ​တို့​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​သော ထို​သ​ခင်​အား​ဖြင့် ပြည့်​စုံ​ခြင်း​သို့​ရောက်​ကြ​ပြီး

11 ခ​ရစ်​တော်​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​ကိုယ်​ခန္ဓာ​ကို​ချွတ်​ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်​၌​ခံ​ယူ​ကြ​၏။

12 သင်​တို့​သည် ဗတ္တိ​ဇံ​အား​ဖြင့် ကိုယ်​တော်​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လျက် ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို ယုံ​ကြည်​သော​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။

13 ကျူး​လွန်​သော​အ​ပြစ်​များ​နှင့် ကိုယ်​ကာ​ယ​၏​အ​ရေ​ဖျား​မ​လှီး​ခြင်း​အ​ဖြစ်​၌ သေ​နေ​သော​သင်​တို့​ကို ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​စေ​တော်​မူ​၍ ငါ​တို့​ကျူး​လွန်​သော​အ​ပြစ်​အ​လုံး​စုံ​တို့​ကို ခွင့်​လွှတ်​တော်​မူ​ပြီး

14 ငါ​တို့​ကို​ဆန့်​ကျင်​၍​အ​ပြစ်​ရှာ​တတ်​သော​စည်း​မျဉ်း​များ​ပါ​သည့် က​တိ​ခံ​ဝန်​ချက်​ကို ပယ်​ဖျက်​ကာ ၎င်း​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​ရိုက်​ထား​လျက် ဖယ်​ရှား​တော်​မူ​၏။

15 အုပ်​ချုပ်​မှု​များ​နှင့်​အာ​ဏာ​စက်​များ​ကို​လည်း အ​စွမ်း​မဲ့​စေ​၍ လက်​ဝါး​ကပ်​တိုင်​အား​ဖြင့် ၎င်း​တို့​ကို အောင်​ပွဲ​ခံ​လျက် အ​များ​တ​ကာ​ရှေ့​တွင် ထင်​ရှား​စွာ​အ​ရှက်​ကွဲ​စေ​တော်​မူ​၏။

16 ထို့​ကြောင့် အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ်​စေ၊ ပွဲ​နေ့၊ လ​ဆန်း​နေ့ သို့​မ​ဟုတ် ဥ​ပုသ်​နေ့​တို့​နှင့်​ပတ်​သက်​၍​ဖြစ်​စေ မည်​သူ​မျှ သင်​တို့​ကို​မ​စီ​ရင်​စေ​နှင့်။

17 ၎င်း​တို့​သည် ဖြစ်​လာ​မည့်​အ​ရာ​များ​၏​အ​ရိပ်​မျှ​သာ​ဖြစ်​ကြ​ပြီး အ​ကောင်​အ​ထည်​အ​စစ်​မူ​ကား ခ​ရစ်​တော်​၌​ရှိ​၏။

18 မိ​မိ​ကိုယ်​ကို​ချိုး​နှိမ်​ခြင်း၊ ကောင်း​ကင်​တ​မန်​များ​ကို​ကိုး​ကွယ်​ခြင်း​တို့​၌ မွေ့​လျော်​နေ​သော​သူ​တစ်​စုံ​တစ်​ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အ​ဖြစ်​မျိုး​ကို အ​ဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်​မက်​သော​အ​ရာ​တို့​ကို နှိုက်​နှိုက်​ချွတ်​ချွတ်​စူး​စမ်း​၍ မိ​မိ​၏​သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော စိတ်​နှ​လုံး​အား​ဖြင့် အ​ချည်း​နှီး​ထောင်​လွှား​ကာ

19 ဦး​ခေါင်း​တော်​၌ စွဲ​မြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦး​ခေါင်း​တော်​မှ​တစ်​ဆင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အ​ကြော​အ​ဆစ်​များ​အား​ဖြင့် ထောက်​မ​ခြင်း​နှင့်​ပေါင်း​စည်း​ခြင်း​ကို​ခံ​ရ​လျက် ဘု​ရား​သ​ခင်​ကြီး​ထွား​စေ​တော်​မူ​သည့်​အ​တိုင်း ကြီး​ထွား​၏။

20 သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ဆုံး​၍ လော​က​၏​အ​ခြေ​ခံ​တ​ရား​မှ ခွဲ​ခွာ​ခဲ့​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် လော​က​၌​အ​သက်​ရှင်​နေ​သ​ကဲ့​သို့

21 မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူ​သော စည်း​မျဉ်း​များ​ကို​လိုက်​နာ​ကြ​သ​နည်း။

22 ထို​အ​ရာ​အား​လုံး​တို့​သည် လူ​တို့​၏​ပ​ညတ်​ချက်​နှင့်​သွန်​သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်​အ​ညီ အ​သုံး​ပြု​ရင်း ပျက်​စီး​သွား​မည့်​အ​ရာ​များ​ဖြစ်​ကြ​၏။

23 ထို​အ​ရာ​တို့​သည် ထင်​ရာ​မြင်​ရာ​ကိုး​ကွယ်​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချိုး​နှိမ်​ခြင်း​နှင့် ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တို့​ပါ​၍ ဉာဏ်​ပ​ညာ​ရှိ​ဟန်​ပေါ်​သော်​လည်း သွေး​သား​ဇာ​တိ​၏​တပ်​မက်​မှု​ကို ချုပ်​တည်း​ရာ​၌ မည်​သည့်​အ​ကျိုး​မျှ​မ​ပြု​ချေ။

အခန်းကြီး

1 2 3 4