ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1 MSB

နှုတ်​ခွန်း​ဆက်​ခြင်း

1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​တို့​သည်

2 ကော​လော​သဲ​မြို့​တွင်​နေ​ကြ​သည့် သန့်​ရှင်း​သူ​များ​တည်း​ဟူ​သော ခ​ရစ်​တော်​၌​ရှိ​သော​သစ္စာ​ရှိ​သည့်​ညီ​အစ်​ကို​များ​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း

3 ငါ​တို့​သည် သင်​တို့​အ​တွက် အ​စဉ်​အ​မြဲ​ဆု​တောင်း​လျက် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို ကျေး​ဇူး​တင်​ကြ​၏။

4 အ​ကြောင်း​မှာ ခ​ရစ်​တော်​ယေ​ရှု​အ​ပေါ်​၌​ရှိ​သော​သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ် သင်​တို့​ထား​ရှိ​သည့် ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို ငါ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။

5 ထို​ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​သည် သင်​တို့​အ​တွက် ကောင်း​ကင်​ဘုံ​၌​သို​မှီး​ထား​သော မျှော်​လင့်​ခြင်း​ကြောင့်​ဖြစ်​ပေါ်​လာ​၍ ထို​မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို သင်​တို့​ထံ​သို့​ရောက်​လာ​သည့် ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​၌ သင်​တို့​ကြား​ခဲ့​ကြ​ရ​ပြီ။

6 ထို​သ​တင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​၌ အ​သီး​သီး​ကာ တိုး​ပွား​လျက်​ရှိ​သ​ကဲ့​သို့ ၎င်း​ကို​သင်​တို့​ကြား​နာ​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို မှန်​ကန်​စွာ​သိ​ရှိ​ရ​သော​နေ့​မှ​စ​၍ သင်​တို့​ထဲ​၌​လည်း အ​သီး​သီး​ကာ တိုး​ပွား​လျက်​ရှိ​၏။

7 သင်​တို့​သည် ထို​သ​တင်း​ကို ငါ​တို့​၏​အ​စေ​အ​ပါး​ချင်း​ဖြစ်​သည့် ချစ်​ရ​သော​ဧ​ပ​ဖြ​ထံ​မှ ကြား​သိ​ခဲ့​၏။ သူ​သည် သင်​တို့​အ​တွက် ခ​ရစ်​တော်​၏ သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​၍

8 ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖြစ်​လာ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို ငါ​တို့​အား​ပြော​ပြ​၏။

ဝိ​ညာဉ်​ရေး​ကြီး​ထွား​မှု​အ​တွက်​ဆု​တောင်း​ခြင်း

9 ထို့​ကြောင့် ငါ​တို့​သည်​လည်း ကြား​ရ​သည့်​နေ့​မှ​စ​၍ သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​လျက် သင်​တို့​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဉာဏ်​ပ​ညာ​နှင့် တတ်​သိ​နား​လည်​မှု​အ​လုံး​စုံ​တို့​ဖြင့် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​သော​ဉာဏ်​နှင့်​ပြည့်​ဝ​၍

10 ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တည်း​ဟူ​သော အ​သီး​ကို​သီး​ကာ ဘု​ရား​သ​ခင်​ကို​သိ​သော​ဉာဏ်​၌​ကြီး​ထွား​သ​ဖြင့် အ​ရာ​ရာ​၌ သ​ခင်​ဘု​ရား​ကို​နှစ်​သက်​စေ​၍ ကိုယ်​တော်​နှင့်​ထိုက်​တန်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​နိုင်​မည့်​အ​ကြောင်း တောင်း​လျှောက်​ကြ​၏။

11 ထို့​ပြင် သင်​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော တန်​ခိုး​အ​ရှိန်​အ​ဝါ​နှင့်​အ​ညီ တန်​ခိုး​တော်​ရှိ​သ​မျှ​တို့​ဖြင့် အား​ဖြည့်​ခြင်း​ကို​ခံ​ရ​လျက် သည်း​ခံ​ခြင်း​နှင့်​စိတ်​ရှည်​ခြင်း​အ​ပြည့်​အ​ဝ​ရှိ​သ​ဖြင့်

12 သင်​တို့​ကို အ​လင်း​ထဲ​၌​ရှိ​သော သန့်​ရှင်း​သူ​များ​၏​ဝေ​စု​၌​ပါ​ဝင်​ရန် ထိုက်​တန်​သူ​ဖြစ်​စေ​တော်​မူ​သော​ခ​မည်း​တော်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ကျေး​ဇူး​တင်​ကြ​မည့်​အ​ကြောင်း တောင်း​လျှောက်​ကြ​၏။

13 ခ​မည်း​တော်​သည် ငါ​တို့​ကို မှောင်​မိုက်​ခြင်း​၏​အာ​ဏာ​စက်​မှ ကယ်​နုတ်​၍ မိ​မိ​ချစ်​တော်​မူ​သော သား​တော်​၏​နိုင်​ငံ​တော်​ထဲ​သို့ ရွှေ့​ပြောင်း​ပို့​ဆောင်​တော်​မူ​၏။

14 ငါ​တို့​သည် ထို​သား​တော်​အား​ဖြင့် ရွေး​နုတ်​ခြင်း​တည်း​ဟူ​သော အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ရ​ရှိ​ကြ​၏။

အ​ချက်​အ​ချာ​ဖြစ်​တော်​မူ​သော​ခ​ရစ်​တော်

15 သား​တော်​သည် မ​မြင်​ရ​သော​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​အား​လုံး​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​၏။

16 အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း ရှိ​သ​မျှ​သော​မြင်​ရ​သည့်​အ​ရာ​နှင့်​မ​မြင်​ရ​သည့်​အ​ရာ​များ၊ ရာ​ဇ​ပလ္လင်​များ​ဖြစ်​စေ၊ စိုး​ပိုင်​ခွင့်​များ​ဖြစ်​စေ၊ အုပ်​ချုပ်​မှု​များ​ဖြစ်​စေ၊ အာ​ဏာ​စက်​များ​ဖြစ်​စေ သား​တော်​အား​ဖြင့် ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သား​တော်​အား​ဖြင့်​လည်း​ကောင်း၊ သား​တော်​အ​တွက်​လည်း​ကောင်း ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။

17 သား​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ထက် အ​လျင်​ဦး​စွာ​ရှိ​နှင့်​တော်​မူ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​၌​စု​ပေါင်း​တည်​ရှိ​ကြ​၏။

18 ကိုယ်​တော်​သည် အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​၌ အ​ထွတ်​အ​ထိပ်​ဖြစ်​မည့်​အ​ကြောင်း အ​စ​အ​ဦး​ဖြစ်​တော်​မူ​ပြီး သေ​သော​သူ​တို့​ထဲ​မှ အ​ဦး​ဆုံး​ဖွား​မြင်​လာ​သူ​ဖြစ်​တော်​မူ​၏။

19 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်​၌ ကိန်း​ဝပ်​စေ​ရန်​လည်း​ကောင်း၊

20 လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​သွန်း​သော သား​တော်​၏​သွေး​တော်​အား​ဖြင့် ရန်​ငြိမ်း​စေ​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​ရန်​လည်း​ကောင်း အ​လို​ရှိ​တော်​မူ​၏။

21 ယ​ခင်​က သင်​တို့​သည် ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​ကင်း​ကွာ​လျက် စိတ်​နှ​လုံး​၌​ရန်​သူ​ဖြစ်​ကြ​၏။

22 ယ​ခု​မူ​ကား သွေး​သား​နှင့်​ဆိုင်​သော​ကိုယ်​ခန္ဓာ​၌ သား​တော်​ကို​အ​သေ​ခံ​စေ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​တော်​မူ​၏။ ဤ​သည်​ကား သန့်​ရှင်း​လျက်​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​၍ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သင်​တို့​ကို မိ​မိ​၏​ရှေ့​တော်​သို့ ဆက်​သ​နိုင်​ရန်​ဖြစ်​၏။

23 သို့​သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်း​မြတ်​သော​သ​တင်း​၏​မျှော်​လင့်​ခြင်း​မှ သွေ​ဖည်​မ​သွား​ဘဲ ခိုင်​မြဲ​စွာ​အုတ်​မြစ်​ချ​ထား​သည့် ယုံ​ကြည်​ခြင်း​၌ ဆက်​၍​တည်​နေ​ရ​မည်။ ထို​ကောင်း​မြတ်​သော​သ​တင်း​ကို ကောင်း​ကင်​အောက်​ရှိ ဖန်​ဆင်း​ခံ​လော​က​တစ်​ခု​လုံး​အား ဟော​ပြော​နေ​သည်​ဖြစ်​၍ ငါ​ပေါ​လု​သည် ၎င်း​၏​အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

ပေါ​လု​၏​အ​မှု​တော်​လုပ်​ငန်း

24 ငါ​သည် သင်​တို့​အ​တွက်​ခံ​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​၌ ယ​ခု​ဝမ်း​မြောက်​၍ ခ​ရစ်​တော်​၏​ဆင်း​ရဲ​ဒုက္ခ​တွင် လို​အပ်​သေး​သည့်​အ​ပိုင်း​ကို ကိုယ်​တော်​၏​ကိုယ်​ခန္ဓာ​တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက် ငါ​၏​ကိုယ်​ကာ​ယ​၌ ဖြည့်​ဆည်း​လျက်​ရှိ​၏။

25 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို အ​ပြည့်​အ​ဝ​ဟော​ပြော​စေ​ရန် သင်​တို့​အ​တွက် ငါ့​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​စီ​မံ​ခန့်​ခွဲ​မှု​နှင့်​အ​ညီ ငါ​သည် ထို​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

26 ထို​နှုတ်​က​ပတ်​တော်​သည် ရှေး​ကာ​လ​များ​မှ​စ​၍ ခေတ်​ကာ​လ​အ​စဉ်​အ​ဆက်​ဝှက်​ထား​ခြင်း​ခံ​ရ​သော်​လည်း ယ​ခု​အ​ခါ မိ​မိ​၏​သန့်​ရှင်း​သူ​တို့​အား ဖွင့်​ပြ​တော်​မူ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဖြစ်​၏။

27 ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် လူ​မျိုး​ခြား​တို့​တွင် ဘုန်း​အ​သ​ရေ​နှင့်​မည်​မျှ​ကြွယ်​ဝ​သည်​ကို သန့်​ရှင်း​သူ​တို့​အား​သိ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​၏။ ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​မှာ ဘုန်း​အ​သ​ရေ​တော်​နှင့်​ဆိုင်​သော​မျှော်​လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ​၌​ရှိ​တော်​မူ​သော​ခ​ရစ်​တော်​ဖြစ်​၏။

28 ငါ​တို့​သည် လူ​တိုင်း​ကို ခ​ရစ်​တော်​၌​စုံ​လင်​ရင့်​ကျက်​သော​သူ​အ​ဖြစ် ဆက်​သ​နိုင်​ရန် လူ​တိုင်း​ကို သ​တိ​ပေး​ဆုံး​မ​ကာ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်​သင်​လျက် ထို​သ​ခင်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။

29 ငါ​သည်​လည်း တန်​ခိုး​တော်​အား​ဖြင့် ငါ့​အ​ထဲ​၌​လုပ်​ဆောင်​နေ​သည့် ကိုယ်​တော်​၏​လုပ်​ဆောင်​မှု​အ​တိုင်း ထို​အ​မှု​အ​တွက် ကြိုး​စား​အား​ထုတ်​နေ​၏။

အခန်းကြီး

1 2 3 4