ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 4 MSB

1 သ​ခင်​တို့၊ သင်​တို့​တွင်​လည်း ကောင်း​ကင်​၌​သ​ခင်​တစ်​ပါး​ရှိ​ကြောင်း သိ​မှတ်​လျက် မိ​မိ​တို့​ကျွန်​များ​အ​ပေါ် မှန်​ကန်​မျှ​တ​စွာ ပြု​မူ​ကြ​လော့။

အ​ခြား​သော​ညွှန်​ကြား​ချက်​များ

2 ဆု​တောင်း​ခြင်း​အ​မှု​ကို အ​စဉ်​တ​စိုက်​ပြု​ကြ​လော့။ ထို​သို့​ပြု​ရာ​တွင် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​အား​ဖြင့် သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။

3 ဘု​ရား​သ​ခင်​သည် နှုတ်​က​ပတ်​တ​ရား​အ​တွက် တံ​ခါး​ကို​ဖွင့်​ပေး​တော်​မူ​သ​ဖြင့် ခ​ရစ်​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ငါ​တို့​ဟော​ပြော​နိုင်​ရန် ငါ​တို့​အ​တွက်​လည်း ဆု​တောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်​နဲ​သော​အ​ရာ​ကြောင့် ချည်​နှောင်​ခြင်း​ခံ​ရ​၏။

4 ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​သင့်​သည့်​အ​တိုင်း ရှင်း​လင်း​ပြတ်​သား​စွာ ငါ​ဟော​ပြော​နိုင်​ရန်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

5 အ​ပြင်​လူ​တို့​ရှေ့​တွင် ဉာဏ်​ပ​ညာ​ရှိ​စွာ​အ​သက်​ရှင်​လျှောက်​လှမ်း​၍ အ​ချိန်​အ​ခါ​ကို ကောင်း​စွာ​အ​သုံး​ချ​ကြ​လော့။

6 လူ​တစ်​ဦး​စီ​အား မည်​သို့​ပြန်​ဖြေ​ရ​မည်​ကို သင်​တို့​သိ​ရှိ​နိုင်​ရန် သင်​တို့​၏​စ​ကား​သည် ဆား​ဖြင့်​အ​ရ​သာ​ရှိ​လျက် အ​စဉ်​အ​မြဲ​တင့်​တယ်​ခြင်း​ရှိ​ပါ​စေ။

နောက်​ဆုံး​နှုတ်​ဆက်​စ​ကား​များ

7 သ​ခင်​ဘု​ရား​၌ အ​စေ​အ​ပါး​ချင်း​ဖြစ်​ပြီး သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တု​ခိတ်​သည် ငါ​နှင့်​ပတ်​သက်​သည့်​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​ကို သင်​တို့​အား ပြော​ပြ​လိမ့်​မည်။

8 တု​ခိတ်​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခြင်း​မှာ ငါ​တို့​အ​ကြောင်း​ကို သင်​တို့​သိ​ရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို နှစ်​သိမ့်​ပေး​နိုင်​ရန်​ဖြစ်​၏။

9 သင်​တို့​ထဲ​က​တစ်​ဦး​ဖြစ်​သူ၊ သစ္စာ​ရှိ​သည့် ချစ်​ရ​သော​ညီ​ဩ​နေ​သိမ်​သည်​လည်း သူ​နှင့်​အ​တူ​ပါ​၏။ သူ​တို့​သည် ဤ​အ​ရပ်​၌ ဖြစ်​ပျက်​နေ​သော​အ​ကြောင်း​အ​ရာ​အား​လုံး​ကို သင်​တို့​အား ပြော​ပြ​ကြ​လိမ့်​မည်။

10 ငါ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု​နှင့် ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​မာ​ကု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​၏။ မာ​ကု​သည် သင်​တို့​ထံ​သို့​လာ​လျှင် သူ့​ကို​လက်​ခံ​ကြ​ပါ​ဟူ​သည့် သူ​နှင့်​ပတ်​သက်​သော​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ထား​၏။

11 ယု​စ​တု​ဟု​ခေါ်​သော​ယေ​ရှု​လည်း သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​ထဲ​တွင် ဤ​သူ​တို့​သာ​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​သူ​များ​ဖြစ်​ကြ​ပြီး ငါ့​အား နှစ်​သိမ့်​မှု​ပေး​သော​သူ​များ​ဖြစ်​ကြ​၏။

12 ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​အ​ပါး​ဖြစ်​၍ သင်​တို့​အ​ထဲ​က​တစ်​ဦး​ဖြစ်​သော ဧ​ပ​ဖြ​သည် သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင်​တို့​သည် စုံ​လင်​ရင့်​ကျက်​သူ​အ​ဖြစ်​ရပ်​တည်​လျက် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ရှိ​သ​မျှ​ကို အ​ပြည့်​အ​ဝ​ဆောင်​ရွက်​နိုင်​မည့်​အ​ကြောင်း သူ​သည် သင်​တို့​အ​တွက် အ​စဉ်​အ​မြဲ​ကြိုး​စား​၍ ဆု​တောင်း​ပေး​လျက်​ရှိ​၏။

13 အ​မှန်​စင်​စစ် သူ​သည် သင်​တို့​မှ​စ​၍ လော​ဒိ​ကိ​မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သော​သူ​တို့​အ​တွက် အ​လွန်​ပင်​ပန်း​စွာ​ကြိုး​စား​လျက်​ရှိ​ကြောင်း ငါ​သက်​သေ​ခံ​၏။

14 ငါ​ချစ်​သော​ဆေး​ဆ​ရာ​လု​ကာ​နှင့် ဒေ​မ​သည် သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။

15 လော​ဒိ​ကိ​မြို့​၌​ရှိ​သော​ညီ​အစ်​ကို​များ​ကို​လည်း​ကောင်း၊ နုံ​ဖ​နှင့် သူ​၏​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​ကို​လည်း​ကောင်း နှုတ်​ဆက်​ပေး​ကြ​လော့။

16 ဤ​စာ​ကို သင်​တို့​ဖတ်​ပြီး​သော​အ​ခါ လော​ဒိ​ကိ​မြို့​၌​ရှိ​သော​အ​သင်း​တော်​ကို​လည်း ဖတ်​စေ​ကြ​လော့။ ထို့​အ​တူ လော​ဒိ​ကိ​အ​သင်း​တော်​မှ​ရ​လာ​သော​စာ​ကို​လည်း သင်​တို့​ဖတ်​ကြ​လော့။

17 အာ​ခိပ္ပု​အား “သ​ခင်​ဘု​ရား​၌​ရ​ရှိ​ထား​သော​အ​မှု​တော်​လုပ်​ငန်း​ကို အ​လေး​ဂ​ရု​ပြု​လျက် ပြီး​မြောက်​အောင်​ဆောင်​ရွက်​ပါ”​ဟု ပြော​ကြား​ကြ​လော့။

18 ဤ​နှုတ်​ဆက်​စ​ကား​ကို ငါ​ပေါ​လု​ကိုယ်​တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ငါ​ခံ​ရ​သော​အ​ချုပ်​အ​နှောင်​ကို သ​တိ​ရ​ကြ​လော့။ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

အခန်းကြီး

1 2 3 4