1 တစ်ချိန်က သင်တို့သည် မိမိတို့၏အပြစ်နှင့်ကျူးလွန်သောအပြစ်များ၌သေနေကြ၍
2 အာကာသနှင့်ဆိုင်သောအာဏာစက်ကို စွဲကိုင်အုပ်ချုပ်သူတည်းဟူသော နာခံမှုမရှိသောသူတို့ထဲ၌ ယခုအလုပ်လုပ်နေသည့် ဝိညာဉ်အလိုအတိုင်း ဤလောက၏လမ်းစဉ်နှင့်အညီ ထိုအပြစ်များတွင် အသက်ရှင်လျှောက်လှမ်းခဲ့ကြ၏။
3 ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။
4 သို့သော် ကရုဏာတော်နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသည့် ကြီးမားသောမေတ္တာတော်အားဖြင့်
5 ကျူးလွန်သောအပြစ်များ၌ သေနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ (သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရကြ၏။)
6 ထို့နောက် ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ကိုယ်တော်နှင့်အတူထမြောက်စေ၍ အထက်ကောင်းကင်အရပ်၌ ကိုယ်တော်နှင့်အတူထိုင်စေတော်မူ၏။
7 ဤသည်ကား ခရစ်တော်ယေရှု၌ ငါတို့အားကျေးဇူးပြုတော်မူခြင်းအားဖြင့် မိမိ၏ထူးကဲသောကျေးဇူးတော်၏ကြွယ်ဝမှုကို နောင်လာမည့်ကာလအစဉ်အဆက်တို့၌ ပြသရန်အတွက်ဖြစ်၏။