ဧ​ဖက်​ဩ​ဝါ​ဒ​စာ 2:10-16 MSB

10 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ကောင်း​သော​အ​မှု​များ​ကို​ပြု​ရန် ခ​ရစ်​တော်​ယေ​ရှု​၌​ဖန်​ဆင်း​ခြင်း​ခံ​ရ​သော ဘု​ရား​သ​ခင်​၏​လက်​ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အ​မှု​များ​၌ ငါ​တို့​အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန် ဘု​ရား​သ​ခင်​သည် ထို​အ​မှု​များ​ကို ကြို​တင်​ပြင်​ဆင်​ထား​တော်​မူ​၏။

11 ထို့​ကြောင့် တစ်​ချိန်​က သင်​တို့​သည် ဇာ​တိ​အား​ဖြင့် လူ​မျိုး​ခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်​ကာ​ယ​၌ လက်​ဖြင့်​အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အ​ရေ​ဖျား​မ​လှီး​သော​သူ​ဟု ခေါ်​ဝေါ်​ခဲ့​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။

12 ထို​အ​ချိန်​က သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ကင်း​ကွာ​၍ အစ္စ​ရေး​အ​မျိုး​သား​စာ​ရင်း​မ​ဝင်၊ က​တိ​တော်​နှင့်​ဆိုင်​သော​ပ​ဋိ​ညာဉ်​များ​နှင့်​မ​သက်​ဆိုင်၊ ဤ​လော​က​၌​မျှော်​လင့်​ခြင်း​မ​ရှိ၊ ဘု​ရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။

13 သို့​သော် တစ်​ချိန်​က ဝေး​ကွာ​လျက်​ရှိ​ခဲ့​သော​သင်​တို့​သည် ယ​ခု​အ​ခါ ခ​ရစ်​တော်​ယေ​ရှု​၌ ခ​ရစ်​တော်​၏​သွေး​တော်​အား​ဖြင့် အ​နီး​သို့​ရောက်​ကြ​ရ​ပြီ။

14 အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် ငါ​တို့​၏​သင့်​မြတ်​ငြိမ်း​ချမ်း​ခြင်း​အ​ကြောင်း​ဖြစ်​တော်​မူ​၍ ငါ​တို့​နှစ်​မျိုး​စ​လုံး​ကို တစ်​မျိုး​တည်း​ဖြစ်​စေ​ပြီး ပိုင်း​ခြား​သော​ရန်​ငြိုး​တံ​တိုင်း​ကို ဖြို​ဖျက်​ကာ

15 စည်း​မျဉ်း​များ​ပါ​သည့် ပ​ညတ်​ချက်​တို့​နှင့်​ဆိုင်​သော​ပ​ညတ်​တ​ရား​ကို မိ​မိ​ကိုယ်​ခန္ဓာ​တော်​အား​ဖြင့် ပယ်​ဖျက်​တော်​မူ​၏။ ဤ​သည်​ကား လူ​နှစ်​မျိုး​ကို မိ​မိ​၌ တစ်​မျိုး​တည်း​သော​လူ​သစ်​အ​ဖြစ် ဖန်​ဆင်း​လျက် သင့်​မြတ်​ငြိမ်း​ချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ

16 လက်​ဝါး​ကပ်​တိုင်​တွင် ရန်​ငြိုး​ကို​သုတ်​သင်​ပြီး လက်​ဝါး​ကပ်​တိုင်​အား​ဖြင့် ငါ​တို့​နှစ်​မျိုး​စ​လုံး​ကို ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​၌ ဘု​ရား​သ​ခင်​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​ရန်​ဖြစ်​၏။