1 ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ကို ကောင်းချီးပေးစေလိုကြောင်းသိမြင်သော အခါ ဗာလမ်သည်ယခင်ကကဲ့သို့ထာဝရ ဘုရားထံမှ ဗျာဒိတ်ရူပါရုံခံယူရန်မကြိုး စားတော့ချေ။ သူသည်တောကန္တာရဘက်သို့ လှည့်ကြည့်ရာ၊-
2 ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
3 ထို့နောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်သည်။ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
4 သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။မျက်စိပွင့်လျက်ဘဝင်ကျနေစဉ်အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
5 ဣသရေလအမျိုးသားတို့၏တဲများသည် တင့်တယ်လှပေစွ။
6 ရှည်လျားစွာပေါက်ရောက်နေသော ထန်းပင်တန်းများနှင့်တူပေသည်။မြစ်ကမ်းနားမှာစိုက်သောဥယျာဉ်နှင့်လည်းကောင်း၊ထာဝရဘုရားစိုက်တော်မူသော အကျော်ပင်များနှင့်လည်းကောင်း၊ရေနီးရာ၌ပေါက်သောအာရဇ်ပင်များနှင့် လည်းကောင်း တူပေသည်။
7 ယင်းတို့အပေါ်တွင်မိုးများစွာရွာသွန်းလိမ့်မည်။ရေအလုံအလောက်ရရှိသောလယ်များတွင် စိုက်ပျိုးရလိမ့်မည်။သူတို့၏ဘုရင်သည်အာဂတ်ဘုရင်ထက် တန်ခိုးကြီး၍နေရာအနှံ့သို့သူ၏အာဏာစက်သက်ရောက်လိမ့်မည်။
8 ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့တော်မူ၏။သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။သူတို့သည်ရန်သူများကိုချေမှုန်းကြ၏။ရန်သူတို့၏အရိုးများကိုညက်ညက်ကြေ စေလျက် သူတို့၏မြားများကိုချိုးဖျက်ကြ၏။
9 ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။''
10 ထိုအခါဗာလက်ဘုရင်သည်အမျက်ထွက်သဖြင့် လက်သီးများကိုဆုပ်လျက်ဗာလမ်အား``အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့သည်။ သို့ရာတွင်ကိုယ်တော်သည်သူတို့ ကိုသုံးကြိမ်တိုင်အောင်ကောင်းချီးပေးလေပြီ။-
11 ယခုကိုယ်တော်ပြန်ပါလော့။ အကျွန်ုပ်သည် ကိုယ်တော်အား ဆုလာဘ်များချီးမြှင့်မည်ဟု ကတိထားခဲ့သော်လည်း ထိုသို့ချီးမြှင့်ရန် ထာဝရဘုရားသည်အလိုတော်မရှိ'' ဟု ဆိုလေ၏။
12-13 ဗာလမ်က``သင်၏နန်းတော်တွင် ရှိသမျှသောရွှေ၊ ငွေကိုပေးသော်လည်းထာဝရဘုရား၏အမိန့် တော်ကိုဆန့်ကျင်၍ ငါ့အလိုအလျောက်မည်သို့ မျှမပြုနိုင်ဟုသင်စေလွှတ်သောသံတမန်တို့ အား ငါပြောခဲ့ပြီမဟုတ်လော။ ငါသည်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကိုသာပြောရမည်'' ဟုဖြေကြားလေ၏။
14 ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
15 ထိုနောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်၏။ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
16 သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။အမြင့်ဆုံးသောဘုရားထံတော်မှ အသိပညာကိုရရှိ၏။မျက်စိပွင့်လျက်ဘဝင်ကျနေစဉ်အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
17 ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ထိုဘုရင်သည်ကြယ်တံခွန်သဖွယ်ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
18 သူသည်ဧဒုံပြည်ရှိရန်သူတို့ကို တိုက်ခိုက်အောင်မြင်၍သူတို့၏ပြည်ကိုသိမ်းယူလိမ့်မည်။
19 ဣသရေလနိုင်ငံသည်အဆက်မပြတ် အောင်ပွဲခံလိမ့်မည်။ဣသရေလနိုင်ငံသည်ရန်သူတို့ကိုချေမှုန်း၍ တစ်ယောက်မကျန်သုတ်သင်ဖျက်ဆီးလိမ့်မည်။''
20 ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။''
21 တစ်ဖန်သူသည်ကေနိအမျိုးသားတို့ကို ရူပါရုံ၌မြင်၍ အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။``သင်တို့နေထိုင်ရာအရပ်သည်ကမ်းပါးယံအထက်၌တည်ဆောက်ထားသော ငှက်သိုက်ကဲ့သို့လုံခြုံပေသည်။
22 သို့ရာတွင်အာရှုရိဘုရင်သည်သင်တို့၏ပြည်ကို တိုက်ခိုက်သိမ်းယူလိမ့်မည်။ထိုအခါသင်တို့သည်ပျက်စီးဆုံးပါးလိမ့်မည်။''
23 ဗာလမ်သည်အောက်ပါဗျာဒိတ်တော်ကိုဆင့်ဆို သည်။``မြောက်အရပ်တွင်မည်သူတို့စုရုံးနေကြ သနည်း။
24 ကုပရုကျွန်းမှရန်သူသင်္ဘောများသည်လာ၍အာရှုရိပြည်နှင့်ဟေဗာပြည်တို့ကိုတိုက်ခိုက် အောင်မြင်လိမ့်မည်။သို့ရာတွင်သူတို့ကိုယ်တိုင်လည်းသုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။''
25 ထိုနောက်ဗာလမ်နှင့်ဗာလက်ဘုရင်တို့သည် မိမိ တို့နေရပ်သို့အသီးသီးပြန်သွားကြလေ၏။